ဓမ္မစာမျက်နှာများ

ရဟန်းတို့...ဘုရားရှင်သည် နှစ်မျိုးနှစ်စားသော အကြောင်းအရာနှင့် ပတ်သက်၍ တွေးခေါ်ကြံစည်လေ့ရှိ၏။ တစ်မျိုးမှာ ဘာဝနာနှင့် ပတ်သက်ပြီး နောက်တစ်မျိုးမှာ ဝေနေယျသတ္တဝါတို့၏ အကျိုးနှင့် ပတ်သက်၏။

(ဝိတက္ကသုတ်)

ရဟန်းတို့...လူများစွာတို့၏ အကျိုးအတွက်၊ လူများစွာတို့၏ ရွှင်လန်းချမ်းမြေ့မှုအတွက်၊ လောကအား ကြင်နာထောက်ထားရန်အတွက်၊ နတ်လူတို့၏ အကျိုးရှိမှုအတွက်၊ ကောင်းစားမှုအတွက်၊ ချမ်းသာမှုအတွက် ခရီးလှည့်ကြလော့။

(ဝိနယပိဋကတ်၊ မဟာဝဂ္ဂ)

ဆက်သွယ်လှူတန်းရန်

ဦးကောဝိဒ (စစ်ကိုင်း)
kovida@mettashinfoundation.com
Ph: 009592110202 / 009511290362
ကိုဉာဏ်အေး(စင်ကာပူ)
minlinkar21@gmail.com
နန်းဝါဝါမောင် (ရန်ကုန်/ဂျပန်) nanwarwarmg2009@gmail.com
Ph:0095973095851

ကိုဇော်မြင့် (မန္တလေး)
kozawmyint.kzm@gmail.com
Ph: 09-91041540

အလွမ်းမြို့ (ဥရောပ)
alwanmyolay@gmail.com



Total Pageviews

လစဉ်အလှူရှင်

ဆီ အလှူရှင်-ခေါ်ချို(ရွှေဘိုမြို့)
ဝေယျာဝစ္စ အလှူရှင်-ဒေါ်နန်းသန္တာအောင်
နှင့် ကိုကြီးတို့မှ ငါးသောင်းကျပ်
လှူရတာကို ပျော်သောသူများသည်

ဘဝဆက်တိုင်း ချမ်းသာ၍ နိဗ္ဗာန်နှင့်

တစ်နေ့တခြား ပို၍ နီးလာသည်။

အကြောင်းကား လှူခြင်းသည်

စွဲလန်းသော လောဘကိုသတ်ခြင်း

တစ်မျိုးဖြစ်၍နိဗ္ဗာန်ဟူသည်

ထိုလောဘကုန်သော နေရာကို

ဆိုလိုသောကြောင့်ပင်တည်း
သဒ္ဓမ္မပါ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း. Powered by Blogger.

Labels

Followers


counter

Blog Archive

ဧည့်မှတ်တမ်း

ဆရာတော်ကြီးများ


Monday, August 31, 2009

ဆွမ်းခံကြွလာသည့် သံဃာများ


ဆွမ်းလောင်းလှူနေသော ဆရာလေးမစရဏမဉ္စရီနှင့် ဒကာမလေးများ


မနက် ၅ နာရီက စလောင်းပါတယ်။

ဝက်သား+အာလူး၊ ပဲတီချဉ်၊ ငရုတ်သီးကြော်

ကိုရန်အောင်၊ မဝါဝါခိုင်မင်း၊ Julydream၊ ရွာသားလေး YTU တို့၏ တစ်နှစ်တာ နေ့ဆွမ်းအလှူရှင်များအဖွဲ့

ကုလားပဲနှပ်

ကိုဖြိုး+ကိုထက်

ဆွမ်းထမင်း

ကိုဖြိုး+ကိုထက်၊ ထွန်းဦးစာပေ
ဆီ

ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး)

ဆပ်ပြာမှုန့်

ပေါင်းဝှာရွှေဆိုင် မိသားစု

ဝေယျာဝစ္စ ဒါနရှင်များ

  • ဦးပညောဘာသ (သုံးခွကျောင်းတိုက်)၊ ဦးစန္ဒိမာ (သုံးခွကျောင်းတိုက်)
  • ဦးသုဇာတ၊ ဦးပညာဝံသ
  • ဆရာလေး မစရဏမဉ္ဖရီနှင့် ညီအစ်မများ
  • ကိုဇော်ဇော်အောင်
  • ဒေါ်ထွေးဦး

စုစုပေါင်း အပါး ၆၀၀ နီးပါး ကြွရောက် ဆွမ်းခံကြပါတယ်။ ဒီနေ့ အရုဏ်ဆွမ်းတော့ မကပ်ဖြစ်ပါ။ ရွှေဘိုက ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းရှင် ဒကာမကြီး ဒေါ်ချိုက သံဃာများအတွက် ဆွမ်းဟင်းများ ချက်ပြုတ်ရာမှာ ထာဝရ ဆီအလှူရှင်အဖြစ် တာဝန်ယူပါတယ်။

မန္တလေးမြို့ ပေါင်းဝါ ရွှေဆိုင် မိသားစုက သံဃာတော်များ သင်္ကန်းလျှော်ဖွပ်ဖို့ ၃၀ ဂရမ်ပါ ဆပ်ပြာမှုန့် အထုပ် ၆၀၀ လှူဒါန်းပါတယ်။ ပေါင်းဝါ မိသားစုအလှူဟာ သံဃာတော်များကို တစ်ပါးလျှင် တစ်ထုပ် အပါးစေ့ ကပ်နိုင်ခဲ့ပါတယ်။ ကျန်သေးတဲ့ ဆပ်ပြာမှုန်တွေကို ဆက်လက် လောင်းလှူနေပါတယ်။

ထွန်းဦးစာပေကလဲ ဆန်အိတ် သုံးအိတ် လာရောက် လှူဒါန်းထားပါတယ်။ မိုးရွာနေတဲ့ကြားက သံဃာတွေ ဆွမ်းခံကြွလာပါတယ်။ မနက် ၆ နာရီ ၄၅ ထိ သံဃာတွေ ဆက်ကြွလာနေဆဲပါ။ အစစ ကူညီပေးနေတဲ့ ကိုဖြိုးနဲ့ ကိုထက်က ပေါင်းဝှာရွှေဆိုင်က လှူဒါန်းတဲ့ ဆပ်ပြာမှုန့်များကို စနေနေ့က သူတို့ကားနဲ့ မန္တလေးကနေ စစ်ကိုင်းအရောက် လာပို့ပေးကြတယ်။

Tuesday, August 25, 2009
.....အခက်အခဲ၊ အကြပ်အတည်းတွေနဲ့ တွေ့ကြုံလာတဲ့ အခါမှာပဲဖြစ်ဖြစ်၊ ကောင်းမြတ်တဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝချင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ကိုယ်အားထုတ်ထားခဲ့တဲ့ ကုသိုလ် ကောင်းမှုတွေ၊ အပြုသဘောဆောင်တဲ့လုပ်ရပ်တွေကို ပြန်ပြောင်းနှလုံးသွင်းပြီး သစ္စာဆို ဆုတောင်းမယ်ဆိုရင် အခက်အခဲ အကြပ်အတည်းတွေလည်း လွတ်မြောက်နိုင်သလို ကောင်းမြတ်တဲ့ လိုအင်ဆန္ဒတွေလဲ ပြည့်ဝလာနိုင်ပါတယ်။
သစ္စာဆိုစရာ အကြောင်းအရာ၊ အဖြစ်အပျက်တွေ အများကြီး ရှိတဲ့အထဲမှာ ကိုယ်ကျင့် သီလဟာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ မိမိကိုယ်တိုင် အထူးကြောင့်ကြစိုက်၊ အထူးသတိထားပြီး ဖြူစင်အောင် စောင့်ထိန်းခဲ့တဲ့၊စောင့်ထိန်းေ နတဲ့ ကိုယ်ကျင့်သီလ တစ်ခုခု သို့မဟုတ် ကိုယ်ကျင့်သီလ တစ်စုစုဟာ အသုံးပြုတတ်သူအတွက် အရေးကြုံတဲ့အခါမှာ အမှန်တကယ် အစွမ်းထက်တဲ့ သစ္စာလက်နက်ဖြစ်သွားပါတယ်။ အနည်းဆုံး ကိုယ်ကျင့်သီလ တစ်ခုခု၊ သိက္ခာပုဒ် တစ်ခုခုကို အရေးကြုံတဲ့အခါ သစ္စာဆိုနိုင်လောက်အောင် အသက်နဲ့လဲ ပြီးစောင့်ထိန်း ထားနိုင်မယ်ဆိုရင်ပဲ အဲဒီလူရဲ့ စိတ်ဓါတ်စွမ်းရည် နဲ့ ဘ၀တန်ဖိုး ဟာ အတော်မြင့်မားနေပါပြီ။ တစ်ခုထက်ပိုပြိး စောင့်ထိန်းနိုင်မယ်ဆိုရင် တော့ အတိုင်းထက် အလွန်ပေါ့။ ကိုယ့်သီလ ကိုယ်ပြန်စစ်ဆေးကြည့်ပါ။ ငါးပါးသီလ၊သိက္ခာပုဒ် ငါးခုထဲမှာ ဘယ်သီလ၊ ဘယ်သိက္ခာပုဒ်တော့ အချိန်မရွေး သစ္စာဆိုနိုင်လောက်အောင် ငါလုံခြုံသလဲဆိုတာ စစ်ဆေးကြည့်ပါ။ တစ်ခုမှ သစ္စာဆိုနိုင်လောက်အောင် မလုံခြုံသေးဘူးဆိုရင်တော့ ဟန်မကျဘူးနော်။ ငါးပါးထဲက အနည်းဆုံး တစ်ပါးလောက်တော့ အချိန်မရွေး၊ နေရာမရွေး၊ သစ္စာဆိုနိုင်လောက်အောင်လုံခြုံမှ ဖြစ်မယ်။ ငါးပါးသီလနဲ့ သစ္စာဆိုတဲ့ နေရာမှာလဲ ကြုံတွေ့လာတဲ့ အခြေအနေအားလျော်စွာ သူ့နေရာနဲ့သူ ဆိုတတ်ရင်တော့ ပိုကောင်းတာပေါ့၊ ပိုထိရောက်တာပေါ့၊ ပိုပြိးအစွမ်းထက်တာပေါ့။ ဥပမာ၊ ကျန်းမာေ၇းနဲ့ပတ်သတ်လာရင် ပါဏာတိပါတ စောင့်ထိန်းတဲ့ သီလနဲ့ သစ္စာဆို၊ စီးပွားရေးနဲ့ ပတ်သတ်လာရင် အဒိန္နာ ဒါနစောင့်ထိန်းတဲ့ သီလနဲ့သစ္စာဆို၊ အိမ်ထောင်ရေးနဲ့ ပတ်သတ်လာရင် ကာမေ သုမိစ္ဆာစာရာ စောင့်ထိန်းတဲ့ သီလနဲ့သစ္စာဆို၊ လူမှုရေးနဲ့ ပတ်သတ်လာရင် မုသာဝါဒ စောင့်ထိန်းတဲ့ သီလနဲ့ သစ္စာဆို၊ ပညာရေးနဲ့ပတ်သတ်လာရင် သုရာမေရယ စောင့်ထိန်းတဲ့ သီလနဲ့ သစ္စာဆို။ ဒါကလည်း သူ့အကြောင်းနဲံသူ့အကျိုး ပေါ်ပေါ်ထင်ထင် လိုက်ဖက်နေလို့သာ ပြောရတာပါ။ တကယ်တော့ ဘယ်အကျိုးတရားအတွက်ပဲဖြစ်ြ ဖစ် ဘယ်သီလနဲ့မဆို သစ္စာဆိုလို့ရပါတယ်။ အဓိက ကတော့ ကိုယ်ဆိုလိုက်တဲ့ သစ္စာစကားအပေါ်မှာ ဟုတ်မှန်ကြောင်း ကိုယ်ကိုယ်တိုင် ယုံကြည်မှု ရှိနေဖို့နဲ့ သစ္စာတန်ခိုး ကို သံသယကင်းစွာ စိတ်ချအားကိုးဖို့ပါပဲ။ (အရှင်ဆန္ဒာဓိက ၏ ''လောက၌အကောင်းဆုံးသောအရာ'' စာအုပ်မှ
Monday, August 24, 2009

စောင့်ဆိုင်းနေသည့် သံဃာများ

သံဃာများ နေ့ဆွမ်းခံယူစဉ်

ပဲနှပ်

အစောကြီး ကြိုရောက်နေတော့ သပိတ်တွေ ဘေးချပြီး စောင့်နေတဲ့ ကိုရင်လေးတွေ

မနက် ၄ နာရီ ၅၂ မိနစ်မှာ ဆွမ်းစကပ်ပါတယ်။ ကျောင်းအသီးသီးက ကြွလာရတဲ့ သံဃာနဲ့ သာမဏေ အပါး ၁၅၀ ခန့် မိုးမလင်းခင် ကျောင်းရှေ့မှာ သပိတ်များနဲ့အတူ ရောက်နှင့်နေကြပါပြီ။ မိုးရွာနေတဲ့အတွက် အရိပ်ရမယ့် နေရာများမှာ ခိုလှုံပြီး စောင့်ဆိုင်းတော်မူကြပါတယ်။

အရုဏ်ဆွမ်း
မုန့်ဟင်းခါး (အဝေးရောက် အလှူရှင်)
နေ့ဆွမ်း
ဆွမ်းထမင်း+ကုလားပဲနှပ် - ကိုဖြိုး + ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး၊ မန္တလေး)
နေ့ဆွမ်းဟင်း
ဝက်သား+အာလူး၊ သရက်ချဉ်+ ပုဖွန်ခြောက် + ငရုတ်သီးကြော်
(ကိုရန်အောင်+မဝါ+JulyDream+ရွာသားလေးYTU တို့ ကောက်ခံသော နိုင်ငံတကာရောက် အလှူရှင်များအဖွဲ့)

မိုးရွာနေလို့ ဝေယျာဝစ္စ ဒါနရှင်များ ချက်ချင်း ရောက်မလာနိုင်ကြဘူး။ မနေ့ညကတည်းက ဆွမ်းကပ်ဖို့ ကျောင်းမှာ လာအိပ်ကြတဲ့ ကျောင်းသားတွေတော့ ရှိပါတယ်။ ဆွမ်းကပ်နေဆဲမှာပဲ ဝေယျာဝစ္စ ဒကာ ဒကာမတွေ ထပ်ရောက်လာတယ်။
အရုဏ် မုန့်ဟင်းခါး ဘုဉ်းပေးပြီးတာ သံဃာ သာမဏေ အပါး ၂၀၀ ကျော်ခန့် ရှိပါတယ်။ နေ့ဆွမ်းလဲ အပါး ၂၀၀ ခန့် လောင်းပြီးပြီ။ မလောင်းရသေးတဲ့ ဆွမ်းစောင့်နေဆဲ သံဃာများ အပါး ၁၀၀ ခန့် နောက်မှာ ရှိပါတယ်။

''နောက်ထပ် အပါး ၂၀ တန်း ကြွလာပြီ''

''ဟင်းရည် လိုသေးတယ် ဟင်းရည်''

ဦးဇင်း ဦးသုဇာတ၊ ဦးပညာဝံသ၊ ဦး ဝိစိတ္တ ၃ ပါး ဆွမ်းလောင်းတာကို ဝင်စီမံပေးနေကြပါတယ်။ ရှေ့ ကိုယ်တော်တွေ ဘုဉ်းပေးနေချိန်မှာ နောက်က ကြွလာတဲ့ ကိုယ်တော်တွေက စီတန်းစောင့်ဆိုင်းနေကြပါတယ်။ အရင်အပတ်က သီလရှင် ဆရာကြီး ဆရာလေးများကို လောင်းလှူရာမှာ စီမံပေးခဲ့တဲ့ ဆရာလေး မစရဏမဉ္ဇရီလဲ ညီအစ်မများကိုပါ ခေါ်ဆောင်ပြီး ကြွရောက် ကူညီပေးပါတယ်။

ဒကာကိုဖြိုးနဲ့ ကိုထက်တို့က ဆွမ်းလောင်းရာမှ လိုအပ်တဲ့ တောင်းများ မနေ့က လာလှူသွားပါတယ်။ ဒီနေ့ ကိုယ်တိုင် မလာနိုင်ကြပေမယ့် ဝေယျာဝစ္စ လုပ်အားကူညီမယ့် ဒကာ ၅ ဦးကိုလဲ ယမန်နေ့ကတည်းက မန္တလေးကနေ လိုက်ပို့သွားပါတယ်။
ဆွမ်းဆက်ကပ်လှူဒါန်းမှု ပြီးဆုံးချိန်မှာတော့ သံဃာ အပါး ၅၀၀ ကျော်ကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းလိုက်ရပါတယ်။ ဆွမ်းဟင်း၊ ဆွမ်းများ အားလုံး ကုန်သွားပါပြီ။ ပဲနှပ်က မလောက်လိုက်ပါ။

မုန့်ဟင်းခါးကို သံဃာ အပါး ၃၀၀ ကျော် ဘုဉ်းပေးကြပါတယ်။ စာဝါလိုက်အမီ ပြန်ရမယ့် ကျောင်းအချို့က ဆက်ပြီး ဆွမ်းခံရဦးမှာမို့ နေ့ဆွမ်းသာ ရပ်နိုင်ကြတာကြောင့်ပါ။

မုန့်ဖတ် ပိဿာ ၃၃ ပိဿာ မလောက်လို့ နောက်ထပ် ၂ ပိဿာ ထပ်မှာရတယ်။ မုန့်ဖတ် တစ်ပိဿာကို ပွဲ ၂၀ ဆက်ကပ်နိုင်ပါတယ်။ အဝ ဘုဉ်းပေးဖို့ ဆက်ကပ်တာမို့ ပွဲရေနဲ့တော့ အပါးရေ တွက်လို့ မရပါ။
Monday, August 17, 2009

ပင့်ဖိတ်ထားသည့် ဆရာတော်ကြီးများအား နံနက် ၁၀ နာရီကျော်တွင် နေ့ဆွမ်းဆက်ကပ်စဉ်
နေ့ဆွမ်းရပ်နေတဲ့ သံဃာများ

မနားတမ်း ဆက်ကပ်လောင်းလှူလျက်

နောက်တစ်ကျောင်း ကြွလာပြီ

သီလရှင်များအား အရုဏ်ဆွမ်းကပ်စဉ် လှူဖွယ်ပစ္စည်းများ လှူဒါန်းစဉ်
ဒကာ ကိုထက် လှူဒါန်းသည့် ဆွမ်းပေါင်းအိုး
မနက် ၅း၁၀ နာရီ....
အခု ဆွမ်းကပ်နေပါပြီ။ မနက် ၅ နာရီ မထိုးခင် စကပ်ပြီး ခဏအတွင်း သံဃာရော သာမဏေပါ အပါး ၂၀၀ ကျော် အရုဏ် မုန့်ဟင်းခါးဆွမ်း ဘုဉ်းပေးပြီးသွားပါပြီ။ ဆက်လဲ ကြွလာပါဦးမယ်။ ဒီနေ့ ကျောင်းတိုက်များက သီလရှင် ဆရာလေး အပါး ၁၀၀ ကိုလဲ အရုဏ်ဆွမ်းနဲ့ ပဲ၊ ငါးပိ၊ ဆား၊ ဟင်းချိုမှုန့်များ ကပ်လှူဖို့ ပင့်ဖိတ်ထားပါတယ်။ နေ့ဆွမ်းဟင်းက ကိုရန်အောင်၊ မဝါဝါခိုင်မင်း၊ JulyDream၊ ရွာသားလေး ဝိုင်တီယူတို့ ဦးစီးတဲ့ တစ်နှစ်တာ နေ့ဆွမ်းအလှူရှင်များ ဖြစ်ပါတယ်။ တစ်နှစ်တာ နေ့ဆွမ်းအဖွဲ့က ဒီနေ့ ကပ်လှူတဲ့ ဆွမ်းက ဝက်သား+အာလူးဆီပြန်၊ ကုလားပဲဟင်း၊ ပဲတီချဉ်၊ ငါးဖောင်ရိုးနဲ့ ငရုတ်သီးကြော် ပါ။ ဆွမ်းဆန်နဲ့ ပဲဟင်းကို ကိုဖြိုးနဲ့ ကိုထက်က ပုံမှန် လှူဒါန်းကုသိုလ်ယူပါတယ်။ ဒကာကိုထက်က မနေ့ကလဲ တစ်သိန်းသုံးသောင်းတန် ဆွမ်းပေါင်းအိုးကြီးတစ်လုံး လာလှူသွားတယ်။ ဆွမ်းချက်ရာမှာ လိုအပ်တဲ့ အိုးခွက်ဇွန်းများလဲ အရင်ကတည်းက လာလှူထားပါသေးတယ်။ သံဃာ+သီလရှင် အရုဏ်ဆွမ်းနဲ့ သီလရှင် ဆရာလေးများအတွက် ဆွမ်းချက်ဖွယ်က အဝေးရောက် ဆွမ်းအလှူရှင်တစ်ဦး ဖြစ်ပါတယ်။ ဒီနေ့ ဝေယျာဝစ္စအဖွဲ့က တောင်မြို့ (အမရပူရ)က လာပြီး လုပ်အားဒါန လှူကြပါတယ်။ ဒကာ ကိုဖြိုးနဲ့ ကိုထက်တို့က မန္တလေးကနေ မိုးမလင်းခင် ထ,လာပြီး ဆွမ်းလောင်းလှူပေးနေကြသလို ဝေယျာဝစ္စအတွက်လဲ မြင်းခြံက ဒကာငါးဦးကို ကြိုတင် ပို့ဆောင်ထားပေးပါတယ်။ အမရပူရက မနက်အစောကြီး ထလာပြီး လာပြီး လောင်းလှူ ကုသိုလ်ယူပေးနေတဲ့ ဒကာဝင်းက ... ''သံဃာတော် အရှင်မြတ်တွေကို ပူဇော်နေရတာ အင်မတန် ဝမ်းသာဖို့ ကောင်းတယ်။ မနက် ငါး နာရီလောက် စလောင်းပါတယ်။ ကျွန်တော်တို့ မနက် ၄ နာရီ ထလာကြကယ်။ မနက်ခင်းမှာ လောင်းလှူရတာ တော်တော် ကြည်ညိုစရာ ကောင်းပါတယ်။ သံဃာအပါး ၄၀၀ ကျော်မယ်ခင်ဗျ။ ကျွန်တော်တို့က တောင်မြို့ ရေတွင်းညီနောင်ရပ်နဲ့ တရုတ်တန်းကပါ။ သူငယ်ချင်းတွေ စုလာကြတာပေါ့''
(ဆွမ်းဝိုင်းတွေအနီးမှာ လိုသမျှ ဖြည့်ဆည်းပေးနေတဲ့ ဒကာ ဒကာမများ) မနက် ၅ နာရီ ၁၀ မိနစ်မှာ အရုဏ် ဘုဉ်းပေးတဲ့ သံဃာ အပါး ၂၀၀ ကျော်သွားပါပြီ။ အရုဏ်ဆွမ်းအတွက် မုန့်ဟင်းခါးကို ငါးကြင်းနဲ့ ချက်ပြီး ငါးဖယ်+ဘဲဥ ထည့်တယ်။ တောင်သာမြို့နယ် ပဒက်ကုန်းကျေးရွာ ရွာဦးပရိယတ္တိစာသင်တိုက် ဆရာတော် ဦးဝဏ္ဍိတ က ''မုန့်ဟင်းခါးက တစ်ပါးကို နှစ်ပွဲလောက် ဘုဉ်းပေးတယ်။ တော်တော်လေး ဘုဉ်းပေးကြပါတယ်။ စစ်ကိုင်းမှာ တောင်ရိုးဆိုတော့ ဆွမ်းက နည်းနည်း ရှားတယ်လေ။ ဒီမှာ အရုဏ်ဆွမ်း မုန့်ဟင်းခါး ကပ်ပြီး နေ့ဆွမ်းပါ ကပ်တော့ အဆင်ပြေတာပေါ့'' လို့ မိန့်ပါတယ်။ ''နေ့ဆွမ်းက နောက်ထပ် လာနေတာ အပါး ၁၀၀ လောက် ရှိတယ်။ အခု ဆွမ်းရပ်နေဆဲ အပါး ၁၀၀ ကျော် ရှိတယ်''လို့လဲ ဦးဇင်း ဦးကောဝိဒက မိန့်ပါတယ်။ မနက် ၅ နာရီခွဲသာသာမှာ လောင်းပြီး အပါး ၄၀၀ ကျော်သွားပါပြီ။ တောင်ပေါ်ကျောင်းတွေကနေ ညအမှောင်ထဲ ကြွလာရတဲ့ တစ်ချို့ကိုရင်လေးများနဲ့ ဦးဇင်းတွေက မနက် ၄ နာရီလောက်ကတည်းက ကျောင်းရှေ့ ရောက်နှင့်နေပါတယ်။ မနက် ၅ နာရီ မိနစ် ၄၀ အရုဏ်ဆွမ်း ပင့်ဖိတ်ထားတဲ့ သီလရှင် ဆရာလေးတွေ စ,ကြွလာပါတယ်။ ''ဆရာလေးတွေ အတွင်းထဲ ကြွပါလား။ မိုးရွာနေပြီ'' သီလရှင် ဆရာလေး အပါး ၃၀ ခန့် အရုဏ်ဆွမ်း ကပ်အပြီးမှာ မုန့်ဖတ် ထပ်ဝယ်နေတာ ရောက်မလာသေးလို့ ကျန်တဲ့ ဆရာလေးတွေ စောင့်ဆိုင်းနေကြပါတယ်။ မုန့်ဖတ် မလောက်လို့ ထပ်မှာရပါတယ်။ အရုဏ်ဆွမ်း ဆက်ကပ်ပြီးတော့ သီလရှင် ဆရာလေးများကို ငါးပိ၊ ပဲ၊ ဆားနဲ့ ဟင်းချိုမှုန့်များ အပါးစေ့ ကပ်လှူပါမယ်။ အားလုံး ပင့်ဖိတ်ထားတဲ့ ဆရာကြီး ဆရာလေး အပါး ၁၀၀ ပါ။

သီလရှင်ဆရာလေးများအတွက် ဆားထုပ်များနှင့် ဆရာကြီး ၁၀ ပါးအား လှူဒါန်းရန် ဝတ်စုံများ ''မုန့်ဖတ် ရောက်မလာသေးဘူး။ သံပုရာသီးပဲ ပါလာသေးတယ်'' ''ဒကာကြီး ရလား'' 'မုန့်ဖတ်က မမီဘူး ဖြစ်နေတယ်။ အခု ကိုထက် ကားနဲ့ သွားယူနေပြီ'' အားလုံး ဝိုင်းစီစဉ်နေကြပါတယ်။ မုန့်ဖတ်က ၃၂ ပိဿာ မှာထားတဲ့ကြားက ပြတ်သွားတဲ့အတွက် နောက်ထပ် ၈ ပိဿာ ထပ်မှာရပါတယ်။ အရုဏ် မုန့်ဟင်းခါးဆွမ်း ကပ်လှူပြီးရင် သီလရှင် ဆရာလေးတစ်ပါးကို ငါးပိ အစိတ်သား၊ ဆား ၅၀ သား၊ ဟင်းချိုမှုန့် ၁၀ သား၊ ပဲ နို့ဆီဗူး ၂ ဗူး လောင်းလှူပါမယ်။ ''မုန့်ဖတ်ရောက်ပြီ။ သွား...သွား။ အမြန်သွား'' 'သီလရှင် ဆရာလေးတွေ နောက်တစ်သုတ် ဘုဉ်းပေးချိန်မှာ ကိုရင်လေးတွေ ဦးဇင်းတွေ အရုဏ်ဆွမ်းအကုန် ဘုဉ်းပေးပြီးသလောက်နီးပါး ဖြစ်ပါပြီ။ သီလရှင် ဆရာလေးတွေ အလှည့်မှာ မုန့်ဟင်းရည် မလောက်လို့ ပြန်ပြုပြင်ရပါသေးတယ်။ ဆရာလေးတွေ ဘုဉ်းပေးနေတုန်း သာမဏေ ၈ ပါး ထပ်ကြွလာတယ်။ အရုဏ်ဆွမ်း ဘုဉ်ပေးအပြီးမှာ သီလရှင် ဆရာလေးများက သံပြိုင် ညီညာစွာ မေတ္တာပို့သတော်မူပါတယ်။ ဆရာလေးများကို အမရပူရက ဝေယျာဝစ္စဒါနရှင်များက ပဲနီ+ငါးပိ+ဟင်းချိုမှုန့်+ဆားထုပ်တွေ လှူဒါန်းဆက်ကပ်ပေးကြပါတယ်။ ပြီးရင် သီလရှင် ဆရာကြီး ၁၀ ပါးကို သီလရှင်ဝတ်ရုံ တစ်ပါး တစ်စုံကျစီ ဆက်ကပ်ပါမယ်။

သီလရှင်ဆရာလေးများအား အရုဏ်ဆွမ်း ဆက်ကပ်စဉ်

ဆွမ်းကပ်လှူဒါန်းခြင်း ပြီးစီးသွားချိန်မှာ သက်တော်ကြီး သီလရှင်ဆရာကြီး ၁၀ ပါးကို သီလရှင် ဝတ်ရုံများ တစ်ပါး တစ်စုံကျ ဆက်ကပ်လှူဒါန်းပါတယ်။ သီလရှင် ဆရာကြီးများအတွက် ဝတ်ရုံများနဲ့ သီလရှင် အပါး ၁၀၀ စာ လှူဖွယ်ပစ္စည်းများကို သီတဂူ ဗုဒ္ဓတက္ကသိုလ်မှ Advancedဒီပလိုမာ စာသင်သား ဆရာလေး မစရဏမဉ္ဖရီက မနေ့ကတည်းက စီမံခန့်ခွဲ ပြင်ဆင်ပေးခဲ့ပါတယ်။

မလောက်လို့ ထပ်စီမံရတဲ့ မုန့်ဟင်းခါး အနည်းငယ် ပိုတာကြောင့် ဇေယျာပါရမီ ရပ်ကွက်မှ ကလေးငယ်များကို လှူဒါန်းခဲ့ပါတယ်။

Sunday, August 16, 2009

သြ၀ါဒဆရာတော်များ

ဝိပဿနာဆရာတော်(စစ်ကိုင်းတိုင်းသံဃာ့နာယကအဖွဲ့အတွင်းရေးမှုး)၊ ရတနာဓူဝံဆရာတော် (မြို့နယ်သံဃာ့နာယက အဖွဲ့အကျိုးတော်ဆောင်)၊ အောင်မြေသာစည်ဆရာတော် (ရပ်/ကျေးသံဃာ့နာယကဥက္ကဌ)၊ မြစကြ်ာဆရာတော်(စစ်ကိုင်း)၊ ဇိနောဒယပရိယတ္တိစာသင်တိုက်ဆရာတော်(စစ်ကိုင်း)၊

ဥပဋ္ဌမကအဖွဲ့များ ၁-ဦးရဲဝင်းနောင်(Pro-Tech Computer)

၂-ကိုဖြိုးကျော်(ကိုပီကေ)

၃-ဦးကျော်စိုးအောင်(စစ်ကိုင်း)

၎-ဦးမိုးဟိန်း(စစ်ကိုင်း)

၅-ဦးဇော်ဇော်အောင်(စစ်ကိုင်း)

၆-ဦးဇော်ထွေးဦး(စစ်ကိုင်း)

၇-ဦးညီညီ(ရန်ကုန်)

နက်ဖြန် ဆွမ်းလောင်းလှူပွဲအတွက် ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေးမှ ဒကာ ကိုထက်က ကျပ် တစ်သိန်းသုံးသောင်းတန် ဆွမ်းပေါင်းအိုး လာရောက်လှူဒါန်းသွားပါတယ်။

Saturday, August 15, 2009
ဤအသင်းကို (၁၉၅၇)ခု၊ ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပါသည်။ မကွေးမြို့ပေါ်ရှိ စာသင်တိုက်ကြီးများမှ ဆရာတော်ကြီးများအား နာယက အမှူးထား၍ မြို့မိ၊မြို့ဖ အမှုဆောင်လူကြီးများဖြင့် ဖွဲစည်းလာခဲ့ကြပါသည်။ မဟာဓမ္မိကရာမ( မြောက်စာသင်ကျောင်းတိုက်) ကျောင်းဝိုင်း၏ အနောက်ဘက်ခြမ်းတွင် တည်ရှိပါသည်။
(ဖုန်းနံပါတ်(၀၆၃-၂၆၀၂၆)။ လိပ်စာ =နေ့စဉ်သံဃာ့ဒါနဆွမ်းလောင်းအသင်း ဘုရားလမ်း၊ ဈေးလယ်စိုး ရပ်ကွက်။ မကွေးမြို့)။
မကွေးမြို့ပေါ်ရှိ ကျောင်းတိုက်ကြီး(၁၈)တိုက်နှင့် ဘုန်းတော်ကြီးကျောင်းအားလုံးတွင် သီတင်းသုံးတော်မူ နေကြသော ဆရာတော်သံဃာတော်များအား နေ့စဉ်အာရုံတက်ချိန်မှစ၍ နံနက်(၆)နာရီခန့်အထိ အာရုံဆွမ်းဘုန်းပေးသုံးဆောင်နိုင်ကြရန် လောင်းလှူပေးကြပါ၏။
အများဆုံး ထာဝရဆွမ်းပဒေသာပင်အလှူရှင်မှာ ဦးဗေဒါ ငွေကျပ်သိန်း(၅၀)ဖြစ်ကြောင်း သိရ၏။ယနေ့အထိ ဆွမ်းပဒေသာပင် အလှူရှင်များ၏ ငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် စုပေါင်းအပ်နှံထားပါသည်။ ယင်းငွေများမှ တစ်နှစ်ရရှိသော ဘဏ်တိုးငွေများဖြင့်သာ ဆွမ်းလောင်းရန်အသုံးပြုကြပါသည်။
ဆွမ်းအလှူရှင်မရှိသောနေ့များတွင်သာ နေ့စဉ်မပျက်အောင် ဆွမ်းလောင်းအသင်းမှ လောင်းလှူပေးကြပါသည်။ ယခုလက်ရှိ ၀ါဆိုသံဃာစာရင်းအရ သံဃာအပါး (၁၉၀၀) ရှိပါသည်။ ဆွမ်းဆန်အိတ်(၈)အိတ်ကို ပေါင်းအိုးများဖြင့် ချက်ရပါသည်။
ပထမတန်းစားအလှူ ငါးခြောက်ကြော်၊ ပဲဟင်း၊သရက်ချဉ်၊ ငရုပ်သီးကြော်များနှင့် လောင်းလှူပါလျှင် (၇၅၀၀၀၀) ကျပ် ကုန်ကျပါမည်။ ၀က်သားဟင်း ပိဿာချိန် (၈၀)ပိဿာနှင့် သရက်ချဉ်၊ ငါးပိကြော်များနှင့် လောင်းလှူပါလျှင် (၇၅၀၀၀၀)ကျပ် ကုန်ကျ ပါမည်။ (ကြက်၊ ဆိတ်သား၊ ငါးကြီးသားများဖြင့်လည်း ဤဈေးနှုန်းခန့်သာ ကုန်ကျပါမည်။ ဗူးသီး၊အာလူးစသည့်အရောများပါလျှင် (၄၅၀၀၀၀)ကျပ်၊ (၅၅၀၀၀၀)ကျပ်ခန့်သာ ကုန်ကျပါမည်။
ကုလားပဲနှင့်သီးစုံပဲဟင်း၊ သရက်ချဉ်၊ငါးတံခွန်ငါးခြောက်နှင့် ငရုတ်သီးကြော်ဟင်းများဖြင့် လောင်းလှူပါလျှင်(၂၇၀၀၀၀)ကျပ် ကုန်ကျပါမည်။ (နေ့စဉ် သံဃာ့ဒါန ဆွမ်းလောင်းအသင်းမှ လောင်းလှူသော ဟင်းများဖြစ်၏။) ဆွမ်းအတွက်ကို ဇလုံ အလတ်ဖြင့် အမောက်အပြည့် တစ်ပါးစာ သုံးဆောင်နိုင်ရန် လောင်းလှူပေးပါသည်။
ဆွမ်းလောင်းအသင်းတွင် အမှုဆောင်ကော်မတီ လူကြီးမင်းများသည် စေတနာဝန်ထမ်းဖြင့် (အခမဲ့) တာဝန် ထမ်းဆောင်ကြပါသည်။ ငွေစာရင်းကိုင်စာရေးကြီးနှင့် ဆွမ်းချက်ရန် ၀န်ထမ်း(၅)ဦးဖြင့် တာဝန်ပေး ခန့်ထားပါသည်။ ဆွမ်းအလှူရှင်များအနေဖြင့် မိမိတို့၏ နေအိမ်၊ တိုက်တာများတွင် အာရုဏ်ဆွမ်းကပ် လောင်းလှူလိုပါလျှင်လည်း နေ့စဉ်သံဃာ့ဒါန ဆွမ်းလောင်းအသင်းမှ အသံချဲ့စက်၊ မဏ္ဍပ်ဆင်၊ ဆွမ်းပေါင်းအိုး၊ ဟင်းချက်အိုး၊စသည့် လိုအပ်သော ပစ္စည်းအစုံတို့အား အခမဲ့ငှါးရမ်းပေးပါသည်။ ဆွမ်းချက်၊ ဆွမ်းလောင်းရာတွင်လည်း အမှုဆောင်ကော်မတီလူကြီးများ ဦးဆောင်၍ ၀န်ထမ်းများဖြင့် အားလုံး တာဝန်ကျေအောင် လိုက်လံကူညီဆောင်ရွက်ပေးကြပါသည်။
ဆွမ်းလောင်းလှူပြီး၍ ဆွမ်းရေစက်ချသည့်အထိ နေ့စဉ်သံဃာ့ဒါနဆွမ်းလောင်းအသင်းမှ လိုအပ်မူမရှိစေရအောင်အစစအရာရာတာဝန်ကျေပွန်စွာဖြင့် သာသနာ၏အကျိုးအား မျက်နှာကြီးငယ်မလိုက်၊ကိုယ်ကျိုးမဖက် တည့်တည့်မတ်မတ် ဆောင်ရွက်ပေးနေကြပါသည်။
သို့သော်လည်း..နေ့စဉ် သံဃာတော်အပါး (၁၉၀၀)ပါး အတွက်ကို ဆွမ်းလောင်းအသင်း၏ ဆွမ်းပဒေသာပင် ငွေများဖြင့် ထုတ်ယူဖြည့်ဆည်း လောင်းလှူနေရသော ရက်များက တစ်နှစ်ထက်တစ်နှစ် များပြားစွာ ကုန်ကျနေ ပါ၏။ ဘဏ်မှ အတိုးနှုန်းရငွေများဖြင့် ယခု ကုန်ဈေးနှုန်းများအား သုံးစွဲနေရသောငွေများမှာ လောက်ငမှု မရှိကြောင်း မြင်တွေ့နေရပါသည်။
ဆွမ်းလောင်းအသင်း စတင်ထူထောင်သောကာလ အချိန်အခါက ဆွမ်းဆန်အိတ်များကို အစိုးရမှ ဈေးနှုန်း သက်သာစွာဖြင့် ထုတ်ယူရရှိခဲ့ကြောင်း ကြားသိရပါ၏ ။ယခုအခါ ကိုယ်ထူ ကိုယ်ထဖြင့် စီမံဆောင်ရွက် နေရပေပြီ။ တစ်နှစ်လျှင် တလတိတိ အချိန်ယူ၍ ဆရာတော်ကြီးများကိုယ်တိုင် ကြွချီတော်မူပြီး မြို့ပေါ်ရပ်ကွက် များသို့ ဆွမ်းဆန်စိမ်းများ အလှူခံတော်မူနေကြပေပြီ။ နေ့စဉ် သံဃာ့ဒါနဆွမ်းလောင်းအသင်းအမူဆောင်ကော်မတီ လူကြီးများက ရှေမှအသံချဲ့စက်ဖြင့် အလှူခံရ၏။ ဆရာတော်သံဃာတော်ကြီးများကလည်း နေပူ၊မိုးရေစိုခံတော်မူ၍ တစ်လမ်းဝင် တစ်လမ်းထွက် အလှူခံနေ ရပါသည်။ (အလှူခံသံဃာတော်များအား ဆရာတော်ကျောင်းထိုင်ဖြစ်ရမည်၊ စာသင်တိုက်မှဖြစ်ရမည်။ တစ်နေ့ သံဃာအပါး(-----) ကန့်သတ်ပေးနေကြပါ၏)။
သို့ပါ၍ မကွေးမြို့ နေ့စဉ်သံဃာ့ဒါန ဆွမ်းလောင်းအသင်းအား ဆက်လက်တည်တံ့ ဆောင်ရွက်နိုင်ကြစေရန် ရပ်ဝေး၊ရပ်နီး၊ ပြည်တွင်း၊ပြည်ပမှ သာသနာ့ဆွေတော်မျိုးတော် အပေါင်းတို့ခင်ဗျား ထာဝရ ဆွမ်းပဒေသာပင်များကို မိမိတို့သဒ္ဒါကြည်ဖြူစွာဖြင့် တတ်စွမ်းသမျှ လှူဒါန်းပေးတော်မူကြပါရန် သာသနာ၏ အကျိုးကို မျှော်လျှက် နိုးဆော်လိုက်ရပါသည်။
ယခုသတင်းဓာတ်ပုံများသည် နေ့စဉ်သံဃာ့ဒါန ဆွမ်းလောင်းအသင်း၏ နှစ်(၅၀) ရွှေရတုသဘင်ပွဲ ဖြစ်ပါသည်။ စားသောက်စရာ မုန့်မျိုးစုံ ခင်းကျင်း၍ ကျွေးမွေးပေးလှူနေကြသော စတုဒိသာ နိဗ္ဗာန်ဈေးတော်ကြီးဖြစ်ပါ၏။ ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၁၅)ရက်၊နံနက်(၁း၂၆)နာရီတွင် ရေး၏။
Friday, August 14, 2009
စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်…
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။
မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်။ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။
မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင် လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရ သတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူ လည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။ နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ ချစ်ခင်မျက်နှာသာပေးမှု ရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေ လုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။
မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း
တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။ အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ ဆိုနိုင်ပါတယ်။
စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။ ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..
အဝေရာ ဟောန္တုအဗျာပဇ္ဇာ ဟောန္တုအနီဃာ ဟောန္တု သုခီအတ္တာနံ ပရိဟရန္တု
လို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။ ဒါကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။
ကြိုတင်သိထားရမယ့် အချက်တွေကတော့..၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်
၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။
၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။ နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။
၎။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။ မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲ ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။
၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။
၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။
၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄ မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။ (တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)
၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့ မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။ (အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)
၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့(၁) မုန်းသူ(၂) အလွန်ချစ်သူ(၃) မချစ်မမုန်းသူနှင့်(၄) ရန်သူတို့ ဖြစ်တယ်။အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။ အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။ ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။
၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို) မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။ သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။
မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း)
မိမိကိုယ်ကိုပဲ မေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ် ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားရတာ အားရကျေနပ်ထားရင် သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်လည်ရှာသော်လည်း မိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင် မိန့်တော်မူထားပါတယ်။
ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာ မေတ္တာကမ္မဋ္ဌာန်းမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။ပြီးမှ သက်တော်ထင်ရှားရှိပြီး မေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ် ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။ မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင်ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကို ပြောင်းရမယ်၊
အကယ်၍ မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲ မေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပြောင်းယူပါ။ တခါတရံ အချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန် ကွက်ကွက်ကွင်းကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း ကြုံရတတ်တယ်။ အဲဒီအခါကျရင် လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။ မေတ္တာစိတ် ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်း ပွားနိုင်ပါပြီ။ မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။ မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင် မိမိစိတ်ထဲမှာ တခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက် နစ်နေတယ်၊ အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုး စိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ် သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့ နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။
မေတ္တာအင်အား ကောင်းသထက်ကောင်းအောင် လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိ အသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။ တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိ ကျန်းမာစေလိုတဲ့စိတ် ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေ အလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး ဖြစ်နေတဲ့ စိတ်အဆင့်မျိုးမဟုတ်တော့ဘူး။ ၀ီရိယသန်သန် တိုး၍ ကြိုးစားလေ့ကျင့်ပွားများတဲ့ ယောဂီများဟာ မိနစ်ပိုင်းမှ နာရီပိုင်းထိ ကြည်လင်ချမ်းမြေ့တဲ့ မေတ္တာစိတ်နဲ့ နေနိုင်လာပါတယ်။ အိပ်ငိုက်တာမဟုတ်ဘူး၊ စိတ်က ကြည်လင်သန့်စင်နေတယ်။ မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊ မေတ္တာစိတ်မျှပဲ ရှိတော့တယ်။မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့ တခါတရံ ငါ့မှာ ဘာစိတ်တွေ ဖြစ်နေပါလိမ့်မလဲလို့လည်း တစ်ချက်တစ်ချက် စစ်ဆေးမိရက်သားဖြစ်နေတယ်။
ဒီလို (၀ိတက်)၀င်လာခိုက်တော့ မေတ္တာစိတ်အစဉ် ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ ကြောင့်ကြစိုက်ရတယ်လို့တောင် ပြောလို့မရဘူး။ အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေ မဖြစ်တောကို သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။ အဲဒီအခါမှာတော့ မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ်ဆိုတဲ့သဘောကို ယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။ လူပုဂ္ဂိုလ်များကို ကျေပွန်အောင် မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ မိမိထိုင်နေတဲ့ အခန်းရဲ့ မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။
- မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ,ပွားတာ လွယ်ကူပါတယ်။ ဒါကို အထပ်ထပ်ပွားလို့ ကျေပွန်ရင် – အိမ်ဝန်းရဲ့အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။
-ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။
- အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။- ဆက်ပြီးတော့ ကမ္ဘာကနေ အနန္တစကြ၀ဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ ချဲ့ချဲ့ပြီးတော့ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရမယ်။
-အလေ့အကျင့်ရလာတဲ့အခါမှာတော့ အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲ စက်ဝန်းကြီးအတိုင်း မေတ္တာလှိုင်းများ ချဲ့ချဲ့ပြီး သွားနေတယ်လို့ ခံစားရတတ်ပါတယ်။
-အဲဒီအ၀န်းက ရံခါ လင်းနေတယ်၊ ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။ မိမိကိုယ်ကနေ မေတ္တာလှိုင်းများ ပို့တဲ့ဆီကို အမှန်တကယ် ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။
-အထူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့် ရန်သူငုပ်လျှိုးပြိုလဲစေရမယ်၊ ရန်သူ ဒုက္ခရောက်ရမယ်၊ ငါ့မေတ္တာစူးရင် သင်ရူးပြီလို့ မတွေးမကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလိုစိတ်သဘောထားနှင့် မေတ္တာပို့ရင်တော့ မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ ဆန့်ကျင်ဘက် ဒေါသအာဃာတ ရန်ငြိုးတွေသာ ဖြစ်ဖွယ်ရှိတယ်။ ပို့တဲ့သူဆီကို မေတ္တာရောက်မှာမဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ် ကိလေသာစိတ်တွေဖြစ်ပြီး ပင်ပန်းဖွယ်ပဲရှိပါတယ်။ မေတ္တာရဲ့ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။
နေ့စဉ်ဘ၀ထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း
မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ ပွားနေခြင်းဖြစ်ပါတယ်။ အလေ့အကျင့်ရလာတဲ့အခါကျတော့ နေ့စဉ်ဘ၀ထဲကို မေတ္တာရောက်ရှိနေပါပြီ။ ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်းလမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာ မေတ္တာပို့ပါ။ တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ သွားတဲ့ အလေ့အကျင့်လုပ်ပါ။ အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။ မေတ္တာပို့ရင်းပဲ အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။ စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအရင်ပွားပါအုံး။ ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင် လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။ စိတ်ထဲ သူ့အလိုလိုပဲ ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။ ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။
မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့ ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။ ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စ၀ဂ္ဂီငါးပါးနှင့် ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။
“မြတ်စွာဘုရားရှင်သည် ထိုပဉ္စ၀ဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော သတ္တ၀ါတို့အပေါ်၌ မည်သည့်သတ္တ၀ါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံးဖြန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သောအားဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။ ဘုရားရှင်မေတ္တာဓာတ် ထိခိုက်ခြင်းကြောင့် ထိုပဉ္စ၀ဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထလာလျှင် ခရီးဦးအကြိုမပြုတော့ဘူးဟူသော) မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းစသော အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ” ဒါက မေတ္တာရဲ့သာဓကပါပဲ။
နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌ ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်းတော်မူပါတယ်။ နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။
မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့.. မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခုမစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊ တရားတို့မည်သည် ပုဂ္ဂိုလ်သတ္တ၀ါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။ အရင်လည်း စွမ်းတယ်၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။ ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။ ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။ ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။ နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘ၀သံသရာမှာ အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်ဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီနော်..။
အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) မေတ္တာကမ္မဋ္ဌာန်းလက်တွေ့ရှုပွားနည်းစာအုပ်မှ ကူးယူဖော်ပြပါသည်။
ဤစာကို ဖတ်ရှုရသောသူအပေါင်း မေတ္တာ၏အေးချမ်းမှုများဖြင့် ပြည့်စုံကြပါစေ…
ဤကောင်းမှုကုသိုလ်ကြောင့် နိမ့်သောကံမြင့်၊ ပိတ်သောဉာဏ်ပွင့်၍ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုသည့် တိုင်အောင် အကြောင်းအထောက်ပံ့ကောင်းဖြစ်ရပါစေ။
(http://sandarthuria.wordpress.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။)
Thursday, August 13, 2009
သံပုရာရည် သောက်ဦးမလား
အအေးသောက်ရင်း တရားဆွေးနွေးခဲ့ကြသည်
သူကတော့ တရားနာချိန်ရော တရားထိုင်ချိန်ရော ဘုရားခန်းထဲ လာအိပ်နေတာပါပဲ ဆရာတော် အရှင်ဣန္ဒာစရိယ၏ အွန်လိုင်းတရားအား တိုက်ရိုက်နာယူကြစဉ်
ဝေယျာဝစ္စအဖွဲ့က ဒီလို ပြင်ဆင်တယ်
ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းတင် ညီငယ်
ထမင်းစားခန်းသို့အသွား
မင်္ဂလာပါ ဓမ္မမောင်နှမတို့… တရားစခန်း အတွေ့အကြုံ ဒုတိယပိုင်းလေးကို ဆက်လက် ဖော်ပြပါ့မယ် နော…။ ကျွန်တော်တို့ရဲ့ မနက်စာ စားသုံးမှုဟာ တိတ်ဆိတ် အေးချမ်းမှု၊ ဆင်ခြင် သုံးသပ်မှုတွေနဲ့ အတူ ပြီးဆုံးသွားခဲ့ ပါတယ်…။ အချိုပွဲ လာရောက် လှူဒါန်းမှု ကိုလည်း ဣနြေ္ဒရရ လိုအပ် သလောက်သာ သုံးဆောင်ပြီး ကျွန်တော်တို့ ကိုယ့် အမှတ်လေးနဲ့ ကိုယ် ဘုရားခန်းကို မနက်ပိုင်း တရားနာယူဖို့ ပြန်လာခဲ့ကြ ပါတယ်…။ မနက်ပိုင်း တရားနာယူမှု ကိုတော့ ၈-နာရီ သတ်မှတ်ထား ပါတယ်…။ကျွန်တော်တို့ တရားစခန်း ၇-ရက်တာ ကာလနဲ့ နောက်ဆုံး ရေစက်ချ တရားနာယူမှု အထိ ကျွန်တော်တို့ကို မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် အင်တာနက် လိုင်း အခြေအနေပေါ် မူတည်ပြီး အွန်လိုင်းကနေ တိုက်ရိုက် သီလပေး၊ နောက် တရားရေစင် တိုက်ကျွေးခဲ့တဲ့ ဆရာတော်များ ကတော့ စစ်ကိုင်းတောင်ရိုး သီတဂူ ဗုဒ္ဓတက္ကသိုလ်မှ သီတဂူ ဆရာတော် ဘုရားကြီး၏ တပည့်များ ဖြစ်ကြပါတယ်…။ ဘွဲ့တော်တို့ကို ကြည်ညိုသမှုနဲ့ ဖော်ပြရရင်(၁) အရှင် ဣန္ဒာစရိယ (ဓမ္မာစရိယ ၊အိန္ဒိယ)(၂) အရှင် ဒေဝိန္ဒာဘိဝံသ (သကျသီဟ ဓမ္မာစရိယ ၊သီရိလင်္ကာ)(၃) အရှင် တေဇိန္ဒ (ဓမ္မာစရိယ ၊ အိန္ဒိယ)တို့ဖြစ်ပါတယ်။ဒီ ဆရာတော်တွေ ဆိုရင် ကိုယ်ပိုင် အချိန်ထဲက ဖဲ့ပြီး ကျွန်တော်တို့ တရားစခန်းဝင် ယောဂီတွေကို တရားအသိတွေ တိုးတက်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နေ့စဉ်ရက်ဆက် တရားဟောပြ ပေးခဲ့တာ ဖြစ်ပါတယ်…။ ကျွန်တော်တို့ အပေါ် တကယ့်ကို ကျေးဇူးများခဲ့ တာပါ…။ (ဘုန်းဘုန်းတို့ ဘုရား… ဒီနေရာကနေပဲ ဘုန်းဘုန်းတို့ရဲ့ ဂုဏ်ကို ရည်မှန်းလို့ ခြေတော်စုံကို ဦးတိုက် အကြိမ်ကြိမ် ဦးခိုက်လိုက် ပါရစေ…။)
ဆရာတော်တို့ အသီးသီး ဟောကြားခဲ့တဲ့ တရားခေါင်းစဉ် များကို ကြည်ညိုရရင်တော့…ဆရာတော် အရှင်တေဇိန္ဒမှ၁။ ကာလေန ဓမ္မဿဝနံတရားတော်၂။ ဘုန်းကံကြီးသူတို့အတွက် သာသနာ တရားနဲ့၃။ သြဂုတ်လ ၂-ရက်နေ့မှာ ကျွန်တော်တို့ပြုခဲ့မျှ ကုသိုလ် အစုစုနဲ့ လှူဒါန်းခဲ့မှုတွေအတွက် ရေစက်ချတရားတို့ကို ဟောကြားပေးခဲ့ပါတယ်…။နောက် ဆရာတော် အရှင် ဣန္ဒာစရိယ ဟောကြားခဲ့တဲ့ တရားတော်တွေကတော့၁။ သဒ္ဓါတန်ဖိုး တရားတော်၂။ အမြင်မှန်ခြင်း တရားတော် နဲ့၃။ ကောင်းသောည တရားတော်တို့ ဖြစ်ပါတယ်…။ ဆရာတော်ဟာ ဒီတရား သုံးပုဒ်ကို စိတ်ရှည်လက်ရှည်နဲ့ တစ်ပုဒ်ချင်းကို နှစ်ရက်စီခွဲပြီး ဟောကြားသွားခဲ့ပါတယ်…။
နောက်ဆုံး ဆရာတော် အရှင် ဒေ၀ိန္ဒာဘိဝံသ ဟောကြားခဲ့တဲ့ တရားတော်တွေကတော့၁။ ဘာဝနာဆိုတာ ဘာလဲ တရားတော်၂။ စကားလေးခွန်း တရားတော်၃။ ဘ၀နေနည်း ငါးပါး တရားတော်၎။ အကောင်းဆုံးတရား လေးပါး တရားတော်၅။ လမ်းမှန်ညွှန်ပြ မြတ်ဗုဒ္ဓ တရားတော်နဲ့၆။ ရှေးသူတော်ကောင်းတို့၏ ဆုတောင်း တရားတော်တို့ ဖြစ်ပါတယ်…။ဆရာတော် အရှင်တေဇိန္ဒ အနေနဲ့ကတော့ ကျွန်တော်တို့ တရားစခန်း ၇-ရက်တာ အတွင်း ကွန်ပျူတာ ချွတ်ယွင်းသွားတဲ့ အတွက်ကြောင့် တရားတော် သုံးပုဒ်သာ ဟောကြားနိုင်ခဲ့ တာပါ…။ကျွန်တော်လေ တကယ်ပါ.. ဆရာတော်တွေကို တကယ့်ကို ကျေးဇူး တင်မိပါတယ်…။ ကျွန်တော်တို့လို ဒကာ၊ ဒကာမတွေ အပေါ် ထားတဲ့ စေတနာကိုလည်း လေးစားလို့ မဆုံးပါဘူး…။ ဒီ ၇-ရက်တာ ကာလမှာဆိုရင် ကျွန်တော့် အနေနဲ့ ဆရာတော်တွေ ဟောကြားခဲ့တဲ့ တရားတော်တွေ ကနေ အသိဉာဏ်တွေ၊ လိုက်နာ စရာတွေ၊ ကျင့်သုံး စရာတွေ အများကြီး ရရှိခဲ့ပါတယ်…။
အဲဒီလို တရားနာယူမှု ပြီးတော့ ခဏ တဖြုတ်နား… စင်္ကြံလျှောက် ချိန်ပေါ့…။ အဲဒီလို အချိန်မှာလည်း ကျွန်တော်တို့ ယောဂီတွေ ကြိုးစားပြီး လိုက်နာ ကြပါတယ်…။ အစ်ကိုတွေကော၊ ညီငယ်တွေကော အားရစရာပါ။ ၄၉ က ညီလေးတွေ ဆိုလည်း အခုမှ စလုပ်ဖူးပေမယ့် တကယ့်ကို စိတ်ပါလက်ပါ လိုက်လုပ်ကြ တာပါ…။ ချီးကျူးစရာ ပါပဲ..။ တစ်ခါတစ်လေတော့ လူငယ်သဘာဝ စကားပြောတာ လေးတွေ ရှိပေမယ့် (ကျွန်တော်လည်း လူငယ်ဆိုတော့ ပြောတာပေါ့နော) သူတို့ရဲ့ ကြိုးစားမှု လေးတွေ ကြည့်ပြီး ကျွန်တော် တကယ့်ကို ၀မ်းသာ ပီတိ ဖြစ်ခဲ့ရပါတယ်…။
အဲသလို စင်္ကြံလျှောက်ချိန် အပြီးမှာတော့ တရားထိုင်ချိန်ပါ။ တရား ထိုင်ချိန်ကို ပထမတော့ ၉ နာရီက စပြီး အနည်းဆုံး တစ်နာရီထိုင်ဖို့ (ပိုထိုင်နိုင်တဲ့သူလည်း ထိုင်ပေါ့) လိုသတ်မှတ် ထားကြပါတယ်…။ ဒါပေမယ့်လည်း တစ်ခါတစ်လေ ၈-နာရီ စဟောတဲ့ တရားက ၉-နာရီမှာ မပြီးဘဲ ဆက်သွားခဲ့ ရင်တော့ အဲဒီတရားပြီးမှ စင်္ကြံလျှောက်ချိန်နဲ့ တရားထိုင်ချိန်ကို ပြုလုပ်ကြပါတယ်…။အစပိုင်း နှစ်ရက်မှာ ကျွန်တော်တို့ ဆရာတော် ဦးဃောသိတ ရဲ့ အလုပ်ပေး တရားကို ဖွင့်ပြီး တရားထိုင်ကြ ပါတယ်…။ နောက်ပိုင်း ရက်တွေမှာတော့ ညီလေး တစ်ယောက်က တရားထိန်း သဘောမျိုး လုပ်ပေးပါတယ်…။
အဓိကကတော့ တရားထိုင် နေတုန်း အိပ်ငိုက်တော့မယ့် အသွင် သဏ္ဍာန်လေးတွေ တွေ့ရင် သတိပေးတဲ့ သဘောနဲ့ တရားထိုင်သူ တွေရဲ့ နောက်နားကနေ အထိန်း သဘော လုပ်ပေးတာပါ…။ဒီလို တရားထိုင်တဲ့ နေရာမှာ တရားမထိုင်ဖူး သူတွေ၊ ဒါမှမဟုတ် တစ်နာရီလောက် မထိုင်ဖူးသူတွေ စတင် ကြုံတွေ့ရတာက ခြေထောက်တွေ နာကျင် ကိုက်ခဲတဲ့ ဝေဒနာပါ..။ ဒါ တော်တော် များများမှာ တွေ့ရတာပါ..။ တစ်ချို့ ညီငယ်လေးတွေဆို အခုမှ စထိုင်ကာစ ဆိုတော့ တစ်နာရီ ထိုင်ဖို့ ဆိုတာ သူတို့အတွက် အခက်အခဲ ဖြစ်တာပေါ့..။ ဝေဒနာက နှိပ်စက်တာကိုး..။ အဲဒီတော့ တစ်နာရီ မပြည့်ခင် ဖြုတ်သွားကြသူ တွေလည်း ရှိပါတယ်..။
ဒီနေရာမှာ ကျွန်တော်က တရားထိုင်တာကို နာရီနဲ့ သတ်မှတ်နေလို့ နာရီများများ ထိုင်နိုင်ရင် တရား ရပြီလားလို့ မေးစရာ ရှိပါတယ်…။ ဒီလိုတော့ မဟုတ်ပါဘူး.. အဓိကကတော့ တရားထိုင်တယ် ဆိုတာ နာရီ သတ်မှတ်ချက်နဲ့တော့ မဆိုင်ပါဘူး…။ တရားသာ ကြာကြာ ထိုင်နေပြီး ကိုယ့်သန္တာန်က ဝေဒနာနဲ့ နှစ်ပါးသွားနေမယ်.. စိတ်ပျံ့လွင့်နေမယ်၊ ကိလေသာနဲ့ နပန်းလုံးနေမယ်၊ တွေးချင်တာ တွေးနေမယ် ဆိုရင်တော့ မကောင်းဘူးပေါ့..။ဒါပေမယ့်လည်း တရား မထိုင်ဘူးသူနဲ့ ထိုင်ဘူးတဲ့ သူကတော့ ကွာသွားပါတယ်…။ နည်းနည်း ထိုင်ဖူးတဲ့သူက မိမိ စိတ်အကြောင်းကို နည်းနည်း သိလာသလို၊ များများ ထိုင်ဖူးတဲ့ သူကလည်း များများ သိလာပါတယ်…။
စိတ်ဆိုတဲ့ အမျိုးကလည်း တကယ့်ကို ထိန်းရခက်တဲ့ အမျိုးပါ..။ အဲဒါကို တရား ထိုင်ကြည့်တဲ့ အချိန်၊ တရား ရှုကြည်တဲ့ အချိန်ကျမှ တဖြေးဖြေး သိလာတာပါ…။ တစ်ခါတစ်လေ စစထိုင်တုန်း ရှိသေး အတွေးတွေက ဘယ်ရောက်လို့ ရောက်သွားမှန်း မသိ…၊ တစ်ခါတစ်လေများ ကျတော့လည်း အတွေးလှိုင်းထဲမှာ ငြိမ့်လို့… စီးမျော နေလိုက်တာ..၊ ဟော တစ်ခါတစ်လေ စိတ်ထဲကနေ တစ်နာရီ ကလည်း မပြည့်သေး ပါလား၊ ခုလောက်ဆို နာရီဝက်တော့ ကျော်လောက်ပြီ၊ အခုဆိုရင်တော့ ၄၅-မိနစ်လောက် ရှိပြီ စသဖြင့်လည်း တရားထဲ အာရုံ မရောက်ဘဲ နာရီကို တွက်ချင်ရင် တွက်နေတတ် ပါသေးတယ်..။အစုံပါပဲ… တစ်ခါတစ်လေများ ကျတော့လည်း အတိတ်က ကျက်စားခဲ့တဲ့ ပုံရိပ်တွေက တန်းစီပြီးတော့ကို ပေါ်လာတာ.. ကောင်းတာ တွေကော၊ မကောင်းတာ တွေကော..၊ အတိတ်ကို တွေးရုံ မကသေး.. ငါ အခု တရား ထိုင်ပြီးရင်တော့ နေ့လည်စာ စားမယ်.. ပြီးရင် တရား နာရဦးမယ်.. ညနေကျ ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်မယ် စသဖြင့်လည်း အနာဂတ်ကို ပုံဖော်နေတတ် ပါသေးတယ်..။
ဒီလို စိတ်အခြေ အနေတွေကို တရား အားထုတ်ဖူးတဲ့ သူတိုင်း သိကြမှာပါ…။ စိတ်ရဲ့ သဘောတွေ၊ စိတ်ရဲ့ မကောင်းတဲ့ အပိုင်းမှာ မွေ့ပျော်ပုံတွေ အစုံကို သိလာရတာပါ..။ တစ်ခါတစ်လေ တော့လည်း ကိုယ့်စိတ်ထဲက သိလိုက်တာ လေးကို စကားနဲ့ပြောဖို့ စကားလုံး ရှာမရတဲ့ အဖြစ်မျိုးလည်း ကြုံတွေ့တတ် ပါသေးတယ်..။ ဘာပဲပြောပြော ဒီတရားစခန်း ၀င်ခဲ့မှုကတော့ ကျွန်တော့အတွက် အများကြီးကို ကျေးဇူး များခဲ့ပါတယ်..။အဲသလို ကျွန်တော်တို့ တရားထိုင် အပြီးမှာတော့ နေ့လည်စာ စားကြပါတယ်..။ နေ့လည်စာ သုံးဆောင်ကြ တော့လည်း မနက်ပိုင်းကလိုပါပဲ..။ အလှူရှင်တွေနဲ့ ဝေယျာဝစ္စ ကုသိုလ်ရှင်တွေကို မေတ္တာပို့၊ အမျှဝေ၊ နောက် ဆွမ်းဆင်ခြင်ပြီး သုံးဆောင်ကြ ပါတယ်…။ အငယ်က အကြီးကို ဦးချ၊ အမှတ် ကလေးတွေလည်း ကိုယ်စီထားလို့ တကယ့်ကို မေတ္တာဓါတ်၊ သစ္စာဓါတ်တွေ လွှမ်းခြုံခဲ့တဲ့ အချိန်လေးတွေပါ…။
နေ့လည်စာ သုံးဆောင်အပြီး မှာတော့ ကျွန်တော်တို့ ဆရာတော် ဦးဃောသိတ ရဲ့ ကြိုးခွေ တရားကို နာကြားကြပါတယ်…။ ဒီတရားဟာ ဆိုလို့ရှိရင် ဆရာတော်ကြီးက ၇-ရက် တရားစခန်း တစ်ခုမှာ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ဟောကြားခဲ့တဲ့ တရားတွေပါ…။ အဓိကကတော့ ပဋိစ္စသမုပ္ပါဒ်ကို ရှင်းထားတာပါ…။ ဒီ ၇-ရက်တာအတွင်း ကျွန်တော် အဲဒီတရားတွေ နာခွင့် ရလိုက်တာ နဂို သိထားတာလေး တွေကို အစပြန်ဖော် မှတ်မိစေ သလို၊ မသိသေးတာ တွေလည်း အများကြီး သိခွင့် ရခဲ့ပါတယ်…။တရားနာယူ အပြီးမှာတော့ နေ့လည် ၁-နာရီနား ကပ်သွားပါပြီ…။ ဒီ နေ့လည် တစ်နာရီကနေ လေးနာရီ အထိကိုတော့ ယောဂီတွေကို နားချိန်အဖြစ် သတ်မှတ်ပေးထား ပါတယ်..။
တရားရှုချင်တဲ့ သူလည်းရှု၊ နားချင်တဲ့ သူလည်းနား..။ တစ်ချို့ကျ တော့လည်း တရား စာအုပ်တွေဖတ် စသဖြင့် ကိုယ်နှစ်သက်ရာ လုပ်ပေါ့..။ညနေ လေးနာရီကနေ ငါးနာရီ ခွဲအထိကိုတော့ ယောဂီများ ဖျော်ရည် အအေးသောက်ရင်း တရားဆွေးနွေးချိန် အဖြစ်ကျွန်တော်တို့ သတ်မှတ်ထား ပါတယ်…။ ဒီလို ဖျော်ရည် အအေးတွေ ကိုလည်း ဒီတရားစခန်းကို ဦးဆောင်လုပ်တဲ့ ညီလေးတွေ ကပဲ တာဝန်ယူ လှူဒါန်းတာပါ..။ ဒီကြားထဲ မှာလည်း ယောဂီတွေ ထဲက လှူဒါန်းသူ တွေလည်း ရှိပါတယ်…။ တရား ဆွေးနွေးကြတာ ကလည်း မသိတဲ့သူ မေးတာကို သိတဲ့သူက ဖြေပေး၊ တရားထိုင်စဉ် ကြုံတွေ့ရတာ လေးတွေကို တစ်ယောက်နဲ့ တစ်ယောက် နှီးနှော ဆွေးနွေးကြ၊ နောက် ကိုယ်သိထားတဲ့ ဘာသာရေး ဗဟုသုတတွေကို မျှဝေ ပြောပြပေး အဲဒီလိုလေး တွေပါ…။
အဲသလို တရားဆွေးနွေး အပြီး ညနေ ငါးနာရီခွဲ ကနေ ခြောက်နာရီခွဲ ကိုတော့ တရားနာချိန် အဖြစ် သတ်မှတ်ထား ပါတယ်…။ ဆရာတော် ဦးဃောသိတရဲ့ တရားတော် တွေကို နာကြားကြ တာပါ…။ စိတ်ဝင်တစား နာကြားသူတွေ ရှိသလို… စိတ်ဝင်စားလွန်း အားကြီးလို့ ဈာဉ်ဝင်ပြီး ငိုက်သွားသူ တွေလည်း ရှိကြတာပေါ့…။ ငိုက်သူတွေ အများစု ကတော့ အငယ်တွေလေ… ကြီးတဲ့သူ တွေလည်း မငိုက်ဘူးလား ဆိုတော့ မဟုတ်ပါဘူး… တစ်ချက်တစ်ချက် ငိုက်ကြတာ ပါပဲ…။ ဒါပေမယ့်လည်း အကြီးဆိုတော့ သိတဲ့ အတိုင်း ဟန်ဆောင် ဣနြေ္ဒတွေ ထိန်းနေရ တာပေါ့…။ဆရာတော် ဦးဃောသိတရဲ့ တရားတော်ကို နာကြား အပြီး ညနေ ခြောက်ခွဲကနေ ခုနစ်နာရီက စင်္ကြံလျှောက်ချိန်ပါ…။ ဒီလို စင်္ကြံလျှောက်ကြ ရာမှာလည်း ကျွန်တော်တို့ ယောဂီတွေ ကိုယ်သိထားတာ လေးတွေနဲ့ တတ်စွမ်းသလောက် ကြိုးစားကြပါတယ်…။ ကျွန်တော်လည်း ရသလောက်တော့ ကြိုးစားပြီး လုပ်ပါတယ်..။ အဲသလို လုပ်ရင်းကမှ လျှောက်ရတာ နည်းနည်း ငြီးငွေ့လာရင် မေတ္တာပို့ရင်ပို့ ဒါမှမဟုတ် ဘုရား ဂုဏ်တော်ကို ရွတ်နေလိုက် ပါတယ်…။ ကျွန်တော်တို့ ယောဂီတွေ အတွက် လှူဒါန်းကြသူ တွေနဲ့ အချက်အပြုတ် ဝေယျာဝစ္စ လုပ်ပေးသူ တွေကို အကျိုးများစေချင် လို့ပါ…။
ဒီလို ၇-ရက်တာ အတွင်းမှာ ကျွန်တော် မနက် အရုဏ်ဆွမ်း စားချိန်နဲ့ နေ့လည်စာ စားချိန်တွေဆို တကယ့်ကို အားနာပါတယ်…။ ဝေယျာဝစ္စ လုပ်ပေးတဲ့ ညီငယ်တွေကို…။ ညီငယ်တွေက ယောဂီတွေ အပေါ် တလေးတစား လုပ်လေ ကျွန်တော့်မှာ အားနာလေပါပဲ…။ ဒီ အားနာစိတ်နဲ့ အတူ ငါ့မှာကော သူတို့ လေးစားလောက်တဲ့ အရည်အသွေးတွေ တကယ်ကော ရှိရဲ့လားလို့ ပြန်ပြန် မေးမိပါတယ်..။ အခု စာရိုက်နေတဲ့ အချိန်မှာတောင် ပြန်တွေးပြီး ကိုယ့်ကိုယ်ကို ပြန်မေးမိနေ သေးတယ်ဗျာ.. တကယ်ပါ..။ ဒီလို ပြန်ပြန် တွေးမိနေတော့ ကိုယ့်ရဲ့ သန္တာန်မှာ မကောင်းတဲ့ အတွေးတွေ၊ အကြံအစည်တွေ အားနည်းသွား တာပေါ့…။ ဒါကလည်း ကျွန်တော် လက်တွေ့ တွေ့ကြုံ ခံစားခဲ့ရတာပါ။ညပိုင်း ၇-နာရီကလည်း တရားနာချိန် ပါပဲ…။
အလှည့်ကျ တရားဟောကြား ပြသပေးတဲ့ ဆရာတော်များ ကတော့ ကျွန်တော် အထက်မှာ ဖော်ပြပေးခဲ့ပြီး ဖြစ်တဲ့ ဆရာတော် အရှင် ဣန္ဒာစရိယ (ဓမ္မာစရိယ ၊အိန္ဒိယ)၊ ဆရာတော် အရှင် ဒေဝိန္ဒာဘိဝံသ (သကျသီဟ ဓမ္မာစရိယ ၊သီရိလင်္ကာ) နဲ့ ဆရာတော် အရှင် တေဇိန္ဒ (ဓမ္မာစရိယ ၊ အိန္ဒိယ) တို့ပါ…။ဒီလို တရားနာယူမှု အပြီးမှာ ကျွန်တော်တို့ တရားထိုင်၊ တရားရှုမှတ် ကြပါတယ်…။ သတ်မှတ်ထားတာ ကတော့ ည ၈-နာရီကနေ ၉-နာရီ အထိပါ။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ ဆရာတော်တွေ ဟောကြားတဲ့ တရား ပြီးချိန်ပေါ် မူတည်ပြီး တရား ထိုင်ချိန်ကို နောက်ဆုတ်လို့ တစ်နာရီ တိတိ တရားထိုင်ကြ ပါတယ်…။ တစ်နာရီ ပြည့်မပြည့် ကိုတော့ ဖုန်းနဲ့ပဲ alarm ပေးထားလိုက် ပါတယ်…။တရားထိုင် အပြီးမှာတော့ ကျွန်တော်တို့ ကိုယ်လက် သန့်စင်ဖို့ နာရီဝက် သတ်မှတ်ထား ပါတယ်…။ ကျွန်တော်တော့ အဲဒီ အချိန်မှာ အခန်းပြန် ရေမချိုးတော့ ပါဘူး…။ ဘာလို့လဲ ဆိုတော့ နေ့လည် နားချိန်ထဲက ရေချိုးထားလိုက် ပါတယ်...။
အဲဒီတော့ အပြင်ဘက် ၀ရန်တာကို ထွက်လို့ ဘုရား ဂုဏ်တော်ပွား၊ မေတ္တာပို့ ဒါလေးတွေကိုပဲ လုပ်ဖြစ်ခဲ့ ပါတယ်…။ ဘုရား ဂုဏ်တော်ကို ပါဠိနဲ့ အနက် တွဲပြီး ပွားပါတယ်…။ မေတ္တာပို့ အနေနဲ့တော့ မေတ္တသုတ်ကို ပထမ ပါဠိလို ရွတ်ပါတယ်…။ နောက် အနက်ကို ဆက်ရွတ်ပါတယ်…။ ဒီလို ပွားများ ရွတ်ဆို ချိန်မှာ ဘုရားပုံတော်ကို အတွေးထဲမှာ အရင် ပုံဖော်ပါတယ်…။ နောက် ရွတ်ဆိုမှု အပိုင်းကို လုပ်ပါတယ်…။ ဒီလို ရွတ်ဆို ပွားများရာ မှာလည်း ဂုဏ်တော်ဆိုလည်း ဂုဏ်တော် အလျောက်၊ မေတ္တသုတ် ရွတ်ရင်လည်း မေတ္တသုတ် အလျောက် အတွေး အာရုံထဲမှာ စကားလုံးတွေကို မြင်အောင် ပုံဖော်ပြီး ရွတ်ပါတယ်…။ အမြဲတမ်းတော့ မမြင်ပါဘူး စကားလုံးတွေကို…။ ဘာလို့လည်း ဆိုတော့ အတွေး အာရုံက တခြား ရောက်ရောက် သွားတာကိုး…။ ဒါကလည်း ကျွန်တော် လေ့ကျင့်အား နည်းသေးလို့ပါ..။ လေ့ကျင့်ဖန် များရင်တော့ ရသွားမယ် ထင်ပါတယ်…။ ဒါက ကျွန်တော် လုပ်တဲ့ အပိုင်းလေးကို ပြောပြတာပါ..။
ည ကိုးနာရီ ခွဲမှာတော့ ကျွန်တော်တို့ ယောဂီတွေ ဘုရားဝတ်ပြုကြ ပါတယ်…။ ဘုရား ၀တ်ပြုအပြီးမှာတော့ ဝေယျာဝစ္စ အဖွဲ့ကနေ အအေး လာကပ်ပါတယ်…။ အဲ လာကပ်တာထက် စာရင် လာလှူတယ်လို့ပဲ သုံးတာ ပိုကောင်းမယ် ထင်ပါတယ်…။ ဖျော်ရည် အအေး လာလှူတယ်ပေါ့…။ ဒီ ဝေယျာဝစ္စ အဖွဲ့က မနက်ပိုင်း မှာလည်း ရံဖန်ရံခါ ဖရဲသီး လာလှူပါ သေးတယ်…။ တကယ့်ကို အကွက်စေ့စေ့ လိုလေးသေး မရှိအောင်…၊ ကျွန်တော်တို့ ယောဂီတွေ တရား အားထုတ်စဉ်မှာ စိတ် အနှောင့်အယှက် မဖြစ်ရအောင် စနစ်တကျ စီစဉ်ထား တာပါ…။ စီစဉ်ကြသူကော ဦးဆောင်တဲ့ သူတွေကော တကယ့်ကို တော်ပါပေတယ်..။
ဘုရားဝတ်ပြု အပြီးမှာတော့ ဆရာတော်ကြီး ဦးဃောသိတရဲ့ ကြိုးခွေတရားကို နာလို့ ကျွန်တော်တို့ရဲ့ တရားစခန်း တစ်ရက်တာဟာ ည ဆယ့်တစ်ခွဲ လောက်မှာ အဆုံးသတ် ပါတယ်…။ ဒီ့နောက်ပိုင်းတော့ ယောဂီတွေ အိပ်စက် အနားယူချိန်ပေါ့…။ ကျွန်တော်တို့ တရားစခန်း ၇-ရက်တာ ကာလဟာ ဒီနည်းအတိုင်း လည်ပတ်ခဲ့ပါတယ်…။ တရားစခန်း လုပ်ငန်းစဉ် အချိန်ဇယားကို စာရှုသူတို့ ရှင်းရှင်းလင်းလင်း သိအောင် ပြန်လည် ဖော်ပြရရင်..
ဝိပဿနာအလုပ်ပေး (၇) ရက် တရားစခန်း ပွဲကြီးတွင် တရားစခန်း ဝင်သော ယောဂီ သူတော်စင်များ နေ့စဉ်ကျင့်ကြံ အားထုတ်ရမည့် အလုပ်စဉ်များ
(၁) နံနက် ၆း၃၀ နာရီ အိပ်ယာထ ကိုယ်လက်သန့်စင်ရန်
(၂) နံနက် ၇း၀၀ နာရီ ဘုရားဝတ်ပြုရန်
(၃) နံနက် ၇း၃၀ နာရီ အာရုဏ်ဆွမ်းစားရန်
(၄) နံနက် ၈း၀၀ နာရီ ကျေးဇူးတော်ရှင် သီတဂူ ဆရာတော် ဘုရားကြီး၏ တပည့် ဓမ္မာစရိယ အရှင်သူမြတ် တို့၏ တရားနာရန်
(၅) နံနက် ၉း၀၀ နာရီ အလုပ်ပေး တရားနှင့် ထိုင်တရား ထိုင်ရန် (ကြာချိန်။ ။ ၁ နာရီ မှ ၁း၃၀ နာရီအထိ)
(၆) နေ့လည် ၁၁း၀၀ နာရီ နေ့ဆွမ်းစားရန်
(၇) နေ့လည် ၁၁း၃၀ နာရီ ကြိုးခွေ တရားနာရန် (မိုးကုတ် ဆရာတော် ဘုရားကြီး၊ အရှင် ဃောသိတ)
(၈) ညနေ ၄း၀၀ နာရီ ယောဂီ အချင်းချင်း တရား ဆွေးနွေးရန် (ဖျော်ရည် သောက်ချိန်)
(၉) ညနေ ၅း၃၀ နာရီ ကြိုးခွေ တရားနာရန် (မိုးကုတ် ဆရာတော် ဘုရားကြီး ၊ အရှင် ဃောသိတ)
(၁၀) ညနေ ၆း၃၀ နာရီ စင်္ကြံန်လျှောက် ၊တရားမှတ် (နှစ်သက်သလို)
(၁၁) ည ၇း၀၀ နာရီ ကျေးဇူးတော်ရှင် သီတဂူ ဆရာတော် ဘုရားကြီး၏ တပည့် ဓမ္မာစရိယ အရှင်သူမြတ် တို့၏ တရားနာရန်
(၁၂) ည ၈း၀၀ နာရီ အလုပ်ပေး တရားနှင့် ထိုင်တရား ထိုင်ရန် (ကြာချိန်။ ။ ၁ နာရီ မှ ၁း၃၀ နာရီအထိ)
(၁၃) ည ၉း၀၀ နာရီ ကိုယ်လက်သန့်စင်ရန်
(၁၄) ည ၉း၃၀ နာရီ ဘုရားဝတ်ပြုရန်
(၁၅) ည ၁၀း၀၀ နာရီ ကြိုးခွေ တရားနာရန် (မိုးကုတ် ဆရာတော် ဘုရားကြီး ၊ အရှင် ဃောသိတ)
(၁၆) ယောဂီများ ည အိပ်စက် အနားယူရန်။
ဒီ အချိန် ဇယားထဲမှာ မပါဘဲ ထူးထူးခြားခြား လုပ်ဖြစ်ခဲ့တဲ့ အစီအစဉ်လေး ကတော့ ဒေသနာ ကြားတဲ့ အစီအစဉ် လေးပါ...။ မိမိတို့ရဲ့ အပြစ်တွေကို ထုတ်ဖော် ၀န်ခံပြီး တောင်းပန်တဲ့ အစီအစဉ်ပါ...။ ဒီ အစီအစဉ် ကိုတော့ တရားစခန်း လေးရက်မြောက် နေ့နဲ့ ၇-ရက်မြောက် နောက်ဆုံးနေ့ တွေမှာ ပြုလုပ်ခဲ့ ပါတယ်...။ ကျွန်တော့် အတွက်တော့ ဒီအစီအစဉ် လေးဟာ တန်ဖိုး ဖြတ်မရတဲ့ အစီအစဉ် လေးပါ...။ မိမိတို့ရဲ့ အသက်၊ ဂုဏ်၊ ရာထူး တွေကို ဘေးချိတ်ပြီး လူတကာ လုပ်နိုင်ခဲတဲ့ မာနကို ခ၀ါချလို့ တောင်းပန်ကြ တာပါ...။ ဒီနေရာ မှာလည်း ပုံမှန်ကြည့်ရင် အငယ်က အကြီးတွေကို တောင်းပန်တယ် ဆိုတာ မခက်ခဲပါဘူး...။ ဒါပေမယ့်လည်း အကြီးက အငယ်ကို၊ နောက် ရွယ်တူချင်း စိတ်ပါလက်ပါ တောင်းပန်ဖို့ ဆိုတာက တကယ့်ကို မလွယ်တဲ့ အလုပ်ပါ...။
နောက်ပြီး ကိုယ်က အကြီး နေရာက နေပြီး အငယ်ကို ပြစ်မှားခဲ့မိ ရင်လည်း ဒီအပြစ်ကို ထုတ်ဖော် ပြောပြပြီး ၀န်ချ တောင်းပန်ကြတာ ဆိုတော့... စဉ်းစားကြည့်ရင် တကယ် မလွယ်ပါဘူး...ဒီ ၇-ရက်တာ အတွင်းမှာ ကျွန်တော် အငယ်တွေ ကိုကော အကြီးတွေ ကိုကော စိတ်ထဲကနေ ပြစ်မှားခဲ့ ပါတယ်... ဒါတွေကို ကျွန်တော် ပါးစပ်ကနေ ထုတ်ဖော် ဖွင့်ဟလို့ တောင်းပန်နိုင်ခဲ့ ပါတယ်... ပြောရရင်တော့ ကျွန်တော့်မှာ တွယ်ညိ ကပ်ပါနေတဲ့ မာနကို တွန်းလှန် အောင်မြင်ခဲ့တဲ့ မေ့မရနိုင်တဲ့ ရက်စွဲလေး ပါပဲ...။ ဆိုလိုတာက အတွင်းရန် မာနကို ခဏတဖြုတ်တော့ အောင်နိုင်ခဲ့ တယ်ပေါ့...။ နောက်များလည်း အောင်နိုင်အောင် ကျွန်တော် ကြိုးစားရ ဦးမှာပါ...။ ဒီ အစီအစဉ် လေးကို ထည့်သွင်း ပေးခဲ့တဲ့ ဦးစီးဦးဆောင် ညီငယ်ကိုလည်း ကျေးဇူးတင်ကြောင်း ဒီနေရာက နေပဲ ထပ်လောင်း ပြောကြား ပါရစေ...။
စာရှုသူ ဓမ္မမောင်နှမတို့ရေ... ဒီ တရား စခန်း ၇-ရက်တာဟာ ကျွန်တော်တို့ ဘ၀ သံသရာနဲ့ နှိုင်းယှဉ်လိုက် ရင်တော့ အမိုက် အ၀ိဇ္ဇာ မိုးမှောင်ကြားက ဖျတ်ခနဲ လင်းလက်သွားတဲ့ လျှပ်စီးပမာလောက်တောင် မရှိပါဘူး...။ သို့ပေမယ့်လည်း ဒီ လျှပ်စီး တစ်လက် အတွင်းမှာပဲ ကျွန်တော်တို့ အမှန် လမ်းကြောင်း တစ်ခုကို မထင်မှတ်ပဲ တွေ့ရှိလိုက်ပါတယ်...။ ဒီ လမ်းကြောင်းသည် ပင်လျှင် သံသရာမှ လွတ်မြောက်ရာကို ဦးတည်နေမယ် ဆိုရင်တော့...
လေးစားစွာဖြင့်
ဖိုးသား8/11/2009, TUE:, 2:14:14 PM
Monday, August 10, 2009
နေ့ဆွမ်းဆက်ကပ်နေတဲ့ ရွှေလမ်းငွေလမ်း ဦးဝင်းကြည် မုန့်ဟင်းခါး ဘုဉ်းပေးပြီးစ ကိုရင်လေးတွေ ဆပ်ပြာနဲ့ ဗလာစာအုပ် ဆက်ကပ်ပေးနေတဲ့ ဆရာမ ဒေါ်မာလာသင်း ကိုရင်ငယ်လေးများကို ဦးဆောင်ကြွလာတဲ့ ဆရာတော်ကြီးများ
ဆွမ်းခံကြွ သံဃာတွေ အရင်အပတ်တွေကထက် များလာပါပြီ။ မုန့်ဟင်းခါး ဘုဉ်းပေးပြီးတော့ နေ့ဆွမ်း ခံယူလျက် ရှိကြပါတယ်။ ဆွမ်းနဲ့ ဝက်သား+အာလူးဆီပြန်၊ မုန်ညင်းကြော်၊ ငါးဖောင်ရိုးခြောက် ငရုတ်သီးကြော်၊ ပဲဟင်းများ ကပ်လှူကြပါတယ်။ သံဃာတွေ ဒီနေ့ ပိုမို များပြားလာတယ်။ ဝေယျာဝစ္စ လုပ်အားပေးများလည်း မနားရအောင် ဆက်ကပ်နေရပါတယ်။
''အရှင်ဘုရား။ ဝ,ရဲ့လားဘုရား''
''အရှေ့ဘက် သွားလိုက်ဦးမယ်။ ရှေ့မှာ နေ့ဆွမ်းကပ်နေတာ''
မကွေးမှ အင်တာနက်ဆိုင်ရှင်၊ စာရေးဆရာ ရွှေလမ်းငွေလမ်း ဦးဝင်းကြည်က ပြည်ပရောက် ဆွမ်းအလှူရှင်များကိုယ်စား ကိုယ်တိုင် လာရောက် ဆွမ်းလောင်းလှူပေးနေပါတယ်။ ဆွမ်းထမင်းနဲ့ပဲ ပင်တိုင် အလှူရှင် ကိုဖြိုးနဲ့ ကိုထက်တို့လဲ မန္တလေးကနေ အရုဏ်အမီ ရောက်လာပြီး လာလောင်းကြတယ်။ ဆပ်ပြာခဲ ၃၀ လှူဒါန်းတဲ့ ကွန်ပျူတာ တက္ကသိုလ်က ဆရာမ ဒေါ်မာလာသင်းလဲ ဆွမ်းလောင်းဖို့ ရောက်လာပါတယ်။
ရုရှားရောက် ကျောင်းသားများရဲ့ ဒါန မုန့်ဟင်းခါးဆွမ်းက အပါး ၃၀၀ ကျော် ဘုဉ်းပေးလိုက်ရပါတယ်။ ကျောင်းတိုက်များက အချို့ဆွမ်းတန်းများက အချိန်မီ ဆွမ်းဆက်ခံရမှာမို့ အရုဏ်ဆွမ်းကို ထိုင်ဘုဉ်းပေးနိုင်ခြင်း မရှိလို့ နေ့ဆွမ်းသာ ရပ်ကြတယ်။ ဒါပေမယ့် သံဃာမကုန်ခင် ပြတ်သွားတယ်။ နောက်ဆုံးသံဃာ ၁၅ ပါးလောက် ကြွလာချိန်မှာ မုန့်ဟင်းခါး မကျန်တော့ပါဘူး။ ဆပ်ပြာခဲ ၅၈၀ အပါးစေ့ ကပ်လှူပါတယ်။ နောက်ဆုံးသံဃာ ၂၂ ပါးအလှည့်မှာတော့ ကုန်သွားပါတယ်။
စင်ကာပူက မမေသူခိုင်ဒါန ဗလာစာအုပ် ၆၀၂ အုပ်ကိုလဲ တစ်ပါးတစ်အုပ် ရသလောက် ကပ်တယ်။ ခြောက်ဒါဇင် (၇၂၀) အုပ် စီမံထားတဲ့အတွက် လက်ကျန် ၁၁၈ အုပ်ကို နောက်ရက်တွေမှာ ဆက်လှူဒါန်းပါ့မယ်။
Sunday, August 9, 2009
မန္တလေးမြို့နေ ဦးစဝ်ခွန်ဦး + ဒေါ်နွယ်နွယ်အေး၊ သမီးငယ် မပြည့်ဝတီဦး မိသားစု သံဃာတော်များ ရေမိုးသန့်စင်ရာတွင် အသုံးပြုရန် ဆပ်ပြာ ၅၅၀ ခဲ လာရောက်လှူဒါန်းစဉ်
သံဃာတော်တွေ ဆပ်ပြာလိုအပ်ကြောင်း သိရှိရတဲ့အတွက် ကွန်ပျူတာ တက္ကသိုလ်မှ ဆရာမ ဒေါ်မာလာသင်း (အောက်ပုံ)က မနေ့က ဆပ်ပြာမွှေး အခဲ ၃၀ လာရောက်လှူဒါန်းသွားပါတယ်။ ပရဟိတ ကွန်ပျူတာ သင်တန်းမှာလဲ ပညာဒါန လာရောက် သင်ကြားပေးမယ်လို့ ဆရာမက စေတနာထက်သန်စွာ ပြောပါတယ်။
ဆရာမ ဆပ်ပြာခဲများ လာရောက်လှူဒါန်းပြီး နောက်တစ်ရက်မှာ မန္တလေးမြို့နေ ဦးစဝ်ခွန်ဦး+ ဒေါ်နွယ်နွယ်အေး ဇနီးမောင်နှံဟာ သမီးငယ် မပြည့်ဝတီဦးနဲ့အတူ ဆပ်ပြာမွှေးမျိုးစုံ ၅၅၀ ကို သယ်ဆောင်ပြီး ရောက်ရှိလာပါတယ်။ ဒါကြောင့် နက်ဖြန် သံဃာတော်တွေကို အပါးစေ့ ဆပ်ပြာမွှေး ဆက်ကပ်လှူဒါန်းနိုင်သွားပါပြီ။ သံဃာအပါးရေထက် ပိုတာ အနည်းငယ် ရှိခဲ့ရင် သီလရှင် ဆရာလေးများကို ဆက်ကပ်လှူဒါန်းသွားပါမယ်။
နက်ဖြန်အရုဏ် မုန့်ဟင်းခါးဆွမ်းကို ရုရှားဖက်ဒရေးရှင်းရောက် ပညာသင် ကျောင်းသားများ ဖြစ်တဲ့ မောင်ကျော်စိုးသူ၊ မောင်ပြည့်စုံအောင် (ဖိုးသား) http://www.apymt.com/, http://www.pnth.org/ နဲ့ အလှတရား http://ahlataya.blogspot.com/ တို့က လှူဒါန်းမှာ ဖြစ်ပါတယ်။ အရုဏ်ဆွမ်းနဲ့ လိုအပ်တဲ့ လှူဖွယ်ပစ္စည်းများ အဖို့ငှာ အလှူငွေ ကျပ်တစ်သိန်းတစ်သောင်းကို ဦးဇင်းထံ ပေးပို့ လှူဒါန်းထားပါတယ်။
ဦးစဝ်ခွန်ဦးမိသားစု အလှူ ဆပ်ပြာများနှင့် မမေသူခိုင် လှူဒါန်းသည့် ဗလာစာအုပ်များ
စင်ကာပူက မမေသူခိုင်က စင်ကာပူဒေါ်လာ ၁၀၀ မှ ဖြစ်သော ဗလာစာအုပ်များကို သံဃာသာမဏေများအား လှူဒါန်းတာကို နက်ဖြန် ဆွမ်းနဲ့အတူ ဆက်ကပ်လောင်းလှူပါမယ်။
နက်ဖြန် ဆွမ်းခံကြွ သံဃာများကို မုန့်ဟင်းခါး အရုဏ်ဆွမ်း ကပ်လှူပြီး နေ့ဆွမ်းအဖြစ် သပိတ်ထဲကို ဆွမ်းနဲ့ ဝက်သား+အာလူးဆီပြန်ဟင်း ကပ်ပါမယ်။ ဟင်းရံက မုန်ညင်းကြော်နဲ့ ငါးဖောင်ရိုး ငရုတ်သီးကြော် ဖြစ်ပါတယ်။ နေ့ဆွမ်းက ကိုရန်အောင်၊ မဝါဝါခိုင်မင်း၊ ရွာသားလေးဝိုင်တီယူတို့ ဦးစီးကောက်ခံပေးတဲ့ နိုင်ငံတကာရောက် မြန်မာများရဲ့ ကုသိုလ်ပါ။
Saturday, August 8, 2009
တရားစခန်းဝင်ခဲ့ရာ ဘုရားခန်း မနက်စာကို ဤသို့ မေတ္တာပို့ ဆင်ခြင် သုံးဆောင်ခဲ့ကြသည်။
နံနက်စာ ပြင်ဆင်ခင်းကျင်းထားစဉ်
တရားစခန်းဝင်ခဲ့ကြသည့် ယောဂီများ
နေ့လည်စာမစားမီ မေတ္တာပို့ ဆင်ခြင်ကြစဉ်
မင်္ဂလာပါ ဓမ္မမောင်နှမတို့…
ခေါင်းစဉ်ကို ကြည့်ပြီး တအားကြီးလည်း အထင်မကြီး သွားပါနဲ့ဦး…။ ဘာလို့လဲ ဆိုတော့… ကျွန်တော်တို့ နေတဲ့ နေရာက ဗုဒ္ဓဘာသာ မထွန်းကားတဲ့ နေရာ… ဘယ် တရားစခန်း ရှိပါ့မလဲ… အခု ကျွန်တော် ပြောချင်တဲ့ တရားစခန်းက ကျွန်တော်တို့ ဘာသာ စုပေါင်းပြီး လုပ်ကြတာပါ…။ အဓိက ကတော့ ၄၈ က ညီလေးတွေပါ…။ ပြောရရင်တော့ တော်တော့်ကို တော်တဲ့ ညီငယ်တွေပေါ့…။ ကျွန်တော်တောင် ဒီညီလေးတွေ အဆွယ် ကောင်းတာနဲ့ ပါသွားရတာပါ…။ ကျွန်တော့်ဟာ ကျွန်တော်သာ ဆိုရင်တော့ ဝေးသေးလို့ပဲ ပြောရပါ့မယ်…။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က တောမရောက် တောင်မရောက် ဘာသာရေးလေး ဟိုစပ်စပ် ဒီစပ်စပ် လုပ်ပေမယ့် ခုလို တရားစခန်း ဆိုတာကြီးက တစ်ခါမှ ၀င်ဖူးတာ မဟုတ်…။ အဲဒီတော့ တရားစခန်း ဆိုတဲ့ အသံကြားရင်ကို လူက လန့်သလို ဖြစ်နေတာ… ။ ဒါပေမယ့်လည်း ကလျာဏ မိတ္တ ညီငယ်တို့ရဲ့ ကျေးဇူးနဲ့ပဲ တရားစခန်း ၀င်ဖြစ်ခဲ့တယ် ဆိုပါတော့…။ကျွန်တော်တို့ တရားစခန်း ၀င်ခဲ့တာက ၇-ရက်…။ တိတိကျကျ ပြောရရင် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၆-ရက် နေ့ကနေ သြဂုတ်လ ၁-ရက်နေ့ထိ…။ တော်တော်လေး အသိတရားတွေ ရခဲ့သလို တော်တော် လေးလည်း စိတ် အေးချမ်းခဲ့တဲ့ ရက်စွဲတွေ ပေါ့ဗျာ…။ တစ်သက်တာမှာ မေ့မရတဲ့ ရက်စွဲတွေလို့ ပြောရရင်လည်း ရကောင်းပါရဲ့…။ ဒီရက်စွဲလေး တွေထဲက ရခဲ့တဲ့ သဘောတရား အသိတရားတွေကို စာရှုသူတို့ ကိုလည်း မျှဝေချင်တာနဲ့ ကျွန်တော် ဒီပို့စ်လေးကို ရေးလိုက်ပါတယ်…။ ပြုခဲ့သမျှ၊ ရခဲ့သမျှ ကုသိုလ်တွေ ကိုလည်း ဒီနေရာကပဲ စာရှုသူတို့ကို တစ်လက်စတည်း(ထဲ) ထပ်တူ ထပ်မျှ ရစေကြောင်း အမျှပေးဝေ လိုက်ပါတယ် နော…။ အားလုံးပဲ ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်ပေးကြပါ…။ ဒီ တရား စခန်း လုပ်ရတဲ့ ရည်ရွယ်ချက် ကတော့ ကျွန်တော်တို့လို လူငယ်လေးတွေ သစ္စာတရား တွေကို နာကြားခွင့် ရအောင်နဲ့ ရရှိပြီးတဲ့ သစ္စာအသိ ဘာသာရေး အသိတွေကို လက်တွေ့မှာပါ အသုံးချတတ် သွားစေဖို့လို့ ဒီ တရားစခန်းကို ဖြစ်မြောက်အောင် ဦးစီးဦးဆောင် လုပ်ခဲ့တဲ့ ညီငယ်တစ်ဦးက ဆိုပါတယ်…။ တော်တော် ကောင်းမွန်တဲ့ ရည်ရွယ်ချက်ပါ…။ ဘာလို့လဲ ဆိုတော့ ဒီနေ့ခေတ်မှာ သာသာနာဟာ ဘုရား အဆုံးအမကို လိုက်နာတဲ့သူ နည်းပါးလာတဲ့ အတွက် သာသနာ့ အလင်းရောင်ဟာ တော်တော်လေးကို ညှိုးမှိန်နေတယ် ဆိုတာ စာရှုသူတို့လည်း သိပြီးသား ဖြစ်မှာပါ…။ ဒါကို ဒီညီငယ်လေးတွေက အသိတရား ရှိရှိနဲ့ သာသနာတော် အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ တစ်ဘက် တစ်လမ်းကနေ စွမ်းဆောင် လိုက်တော့ တော်တော့်ကို ၀မ်းသာစရာ ကောင်းတာပေါ့ဗျာ…။ နောက်ပြီး တရားစခန်း ၀င်တဲ့ သူတွေကိုလည်း ကြည့်ဦး…။ လူငယ်တွေချည်းပဲ ၁၇-ယောက်…။ အသက် အငယ်ဆုံးက ၂၂၊ အသက် အကြီးဆုံးဆိုလို့ ၂၈ နှစ်ပဲ ရှိတာ…။ ပြောရရင်တော့ နောင်တစ်ချိန်မှာ လူကြီးနေရာ ရောက်လာမယ့် ဒီလူငယ်တွေမှာ ဒီ ၇-ရက်တာ အတွင်း ဘာသာရေး အသိတွေ တိုးစေခဲ့လို့ တကယ့်ကို ၀မ်းသာဖွယ်ပါပဲ…။နောက် ကျွန်တော် တရားစခန်း အတွေ့အကြုံ လေးကို မရေးခင် ဒီနေရာမှာ ကြိုပြောချင်တာက ကျွန်တော်တို့ တရားစခန်းဟာ လူငယ်လေးတွေ အသိတရား တိုးဖို့သာ ရည်ရွယ်တာမို့ အချိန်ဇယားက အများနည်းတူ တရားစခန်းတွေနဲ့ မတူပါဘူး…။ ဆိုလိုတာက အချိန်ဇယားကို သက်သက် သာသာလေး ဆွဲထားတယ်ပေါ့…။ တော်ကြာ စာရှုသူတို့က ဖတ်နေရင်း “အချိန်ဇယားကြီးက ဘယ်လိုကြီးလဲ” ဆိုပြီး အပြစ်တင်သလို ဖြစ်မှာ စိုးလို့ပါ…။ ဒီနေရာမှာ စိုးရိမ်တာ ကလည်း ကျွန်တော်တို့ အတွက် မဟုတ်ပါဘူး…။ စာရှုသူတို့ အတွက်ပါ…။ လူငယ်တွေ ချည်းပဲ လုပ်တာဆိုတော့ နားလည်ပေးနိုင် မယ်လို့ မျှော်လင့်ပါတယ် နော..။ တရားစခန်း စစ၀င်ဝင်ချင်း ကျွန်တော့်အတွက် အနည်းငယ် ပြဿနာ ဖြစ်သွားတာက အိပ်ယာထချိန်ပေါ့…။ ဘာလို့လဲ ဆိုတော့ လူကလည်း လူငယ်၊ နောက် ကျောင်းကလည်း ပိတ်ထားတာ ဆိုတော့ အထိန်းအကွပ် မရှိ၊ အဲတော့ အိပ်ချင်တဲ့ အချိန်အိပ်၊ ထချင်တဲ့ အချိန်ထ ပုံမှန် မရှိဘူးပေါ့…။ ဒါပေမယ့် တရား စခန်း အချိန်ဇယား ကြည့်လိုက်တော့ အိပ်ယာ ထချိန်က မနက် ခြောက်ခွဲ၊ အိပ်ချိန်က ည ဆယ့်တစ် ခွဲလောက် ဆိုတော့ ကိုယ့်ကိုယ်ကို အိပ်ယာ ၀င်ချိန်၊ အိပ်ယာ ထချိန် ပုံမှန်ဖြစ်အောင် အရင် ပြင်ရတာပေါ့…။ ပြင်ပေးတဲ့ အဖော်ကောင်း ကလည်း ရှိတယ်လေး…။ ဘာလဲ ဆိုတော့ ဖုန်းမှာပါတဲ့ နှိုးစက်လေး…။ ဒါလေးကပဲ ၇-ရက်တာ ကာလမှာ ကျွန်တော့်ကို ကူညီသွားတာ…။ ဒါတောင် မနက်ဖက် မနိုးမှာစိုးလို့ နှိုးစက်ကို သုံးဆင့် ပေးထားရ သေးတယ် ..။ ဒီလိုနဲ့ ကျွန်တော် ခြောက်ခွဲမှာ အိပ်ယာထ၊ မျက်နှာသစ်၊ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ လေးရွတ်ပြီး တရားစခန်း ပထမနေ့ မနက်ခင်းကို ဖွင့်လှစ်လိုက်တယ်…။ ကိုယ့်ဟာကိုယ်ဆို နိုးမှာ မဟုတ်၊ နှိုးစက် ကျေးဇူးကြောင့်…။အားလုံး ကိုယ်လက် သန့်စင်ပြီးတော့ ကျွန်တော်တို့ ဘုရားခန်းဝင် ဘုရားဝတ်ပြုကြ ပါတယ်…။ ဘုရား ၀တ်ပြုချိန် ကိုတော့ မနက် ၇-နာရီ သတ်မှတ်ထား ပါတယ်…။ မနက် စောစောထပြီး ဘုရား ၀တ်ပြုရတဲ့ အရသာဟာလည်း ဘယ် အရသာနဲ့မှ မတူ တော်တော်လေးကို ကောင်းပါတယ်…။ စိတ်လက် ကြည်လင် ပေါ့ပါးပြီး ရင်ထဲကို အေးနေတာပါပဲ…။ဘုရား ၀တ်ပြုပြီးတော့ ကျွန်တော်တို့ကို မနက်စာ စားဖို့ လာပြောတယ်…။ အဲ အစား အသောက် ကိစ္စနဲ့ ပတ်သတ်ပြီးလည်း ပြောရဦးမယ် ကျွန်တော်…။ ကျွန်တော်တို့ ယောဂီတွေကို (တရား စခန်း ၀င်တော့လည်း လူကနေ ယောဂီ ဖြစ်သွားတာပေါ့ နော) ခုလို တရား စခန်း ၀င်နေစဉ် စားရေး သောက်ရေးမှာ မတောင့်မတ၊ မကြောင့်မကြ ရအောင် ဆိုပြီး ဒီ ၄၈-က ညီလေးတွေကပဲ စီမံ ချက်ပြုတ်ပေးတာ…။ ငွေရေး ကြေးရေးတောင် ကျွန်တော်တို့ဆီက အလှူမခံဘူး…။ လိုတာ မှန်သမျှ သူတို့ အိပ်စိုက်မယ် ဆိုပြီး ဒီတရား စခန်းကို လုပ်ကြတာ…။ တော်တော်လေးကို ကျေးဇူး တင်ဖို့ ကောင်းပါတယ်…။ မပြစ်မှားသင့်တဲ့ ခင်ပွန်းကြီး ၁၀ ပါးထဲလည်း ပါသွားတာပေါ့…။ သူများတကာတွေ ဇိမ်ကျကျ အိပ်နေချိန်မှာ ဒီချက်ပြုတ်ရေး တာဝန်ယူတဲ့ ညီလေးတွေဟာ သူများတွေလို မအိပ်ရ၊ အစောကြီးထပြီး ကျွန်တော်တို့ တရားစခန်းဝင် ယောဂီတွေအတွက် မနက်စာ အလျင်မှီအောင် ချက်ပြုတ်ကြတယ်၊ နောက် သူများတွေက ကျောင်းပိတ်လို့ လျှောက်လည် နေချိန်မှာ ဒီ ညီငယ်လေးတွေ မလည်မပတ်ဘဲ တရားစခန်းဝင် ယောဂီတွေ အတွက် သူတို့ အချိန်တွေကို ပေးထားကြတယ်…။ စဉ်းစားကြည့်လေ ကျေးဇူးတင် မဆုံးလေပါပဲ…။ (ညီတို့ရေ ဒီနေရာကပဲ ကျေးဇူးတင် ၀မ်းမြောက်ကြောင်း ထပ်လောင်း ပြောပါရစေ။) အဲ.. အဲလို မနက်စာ အရုဏ်ဆွမ်း စားဖို့ (ဒီနေရာမှာ အရုဏ်ဆွမ်းလို့ သုံးသင့် မသုံးသင့် ကျွန်တော် သေချာ မသိပါဘူး…။ မသုံးသင့်ရင်တော့ ခွင့်လွှတ်နားလည် ပေးကြပါ။) ထမင်းစားခန်း သွားတော့ ကျန်တဲ့ သူတွေတော့ မသိ၊ ကျွန်တော် ပြဿနာက စတက်လေရော…။ ဘာလဲ ဆိုတော့ ဒီ တရားစခန်းကို ဦးစီးလုပ်တဲ့ ညီလေးက (ဥပါသကာ ညီလေးလို့ပဲ ထားပါစို့နော) ထမင်းစားခန်း သွားရင် ကြွတယ်၊ လှမ်းတယ်၊ ချတယ် အဲလိုလေး သတိထားပြီး ဣနြေ္ဒရရ ဖြေးဖြေးချင်း သွားကြပါ ယောဂီတို့လို့ ပြောပြီး ဒီ ညီလေးကပဲ ရှေ့ကနေ စသွားတယ်…။ အဲတော့ လမ်းလျှောက်တာ ခပ်ဖြေးဖြေး လျှောက်တာ အကျင့်မပါလေတော့ ကျွန်တော့် အတွက် အခက်အခဲ ဖြစ်တာပေါ့…။ နောက်တစ်ခုက ကျွန်တော်က လမ်းလျှောက်ရင် ခြေထောက်နဲ့ ကြမ်းနဲ့ (လမ်းပေါ်ဆိုရင်တော့ ခြေထောက်နဲ့ မြေကြီးနဲ့ပေါ့..) ထိတာကို သိအောင်လုပ်တယ်၊ သိတာကို သတိ ကပ်နိုင်အောင် ကြိုးစားပြီး *ထိ၊ သိ၊ သတိ* နဲ့ လမ်းလျှောက်နေကျ ဆိုတော့ ကြွတယ်၊ လှမ်းတယ်၊ ချတယ် ဆိုတာကြီးက ကျွန်တော့်အတွက် သိပ် အံမ၀င်ဘူး ဖြစ်နေတယ်…။ အဲတော့ ကျွန်တော် လျှောက်တတ် သလိုပဲ လျှောက်လိုက်တယ်…။ဒီလိုနဲ့ အရုဏ်ဆွမ်း စားတဲ့ နေရာ ရောက်ရော ဆိုပါတော့..။ ရောက်တော့ မရှိမဲ့ ရှိမဲ့ သိက္ခာလေး တွေကို ထိန်းရင်း ကျွန်တော်တို့ ယောဂီတွေ အသီးသီး နေရာ ယူလိုက်ကြတယ်..။ ပြီးတော့ ဥပါသကာ လုပ်တဲ့ ညီလေးက *ယောဂီသူတော် စင်တို့၊ ယောဂီတို့အတွက် ဒီနေ့မနက် အရုဏ်ဆွမ်း အတွက် လှူဒါန်းတဲ့ အလှူရှင်တွေနဲ့ ဝေယျာဝစ္စ ကုသိုလ် ပြုလုပ်ပေးကြတဲ့ သူတွေကို မေတ္တာပို့ရအောင် အားလုံးပဲ လက်အုပ်လေးတွေ ချီထားကြပါ* လို့ ပြောလာတယ်…။ (အဲ ကျွန်တော် ပြောဖို့ တစ်ခု ကျန်သွားတယ်…။ ဘာလဲ ဆိုတော့ ဘုရား ၀တ်ပြုပြီးတော့ ဥပါသကာ ညီလေးက အလှူရှင်တွေကို မေတ္တာပို့တဲ့ စာသားနဲ့ ဆွမ်းဆင်ခြင်တဲ့ လင်္ကာလေးတွေ ပါတဲ့ စာရွက်တွေကို တစ်ယောက် တစ်ရွက် ဝေထား ပြီးသားပါ။)အဲဒါနဲ့ ကျွန်တော်တို့ အားလုံး လက်အုပ် ချီလိုက် ကြတယ်…။ မေတ္တာပို့တဲ့ စာသားကိုတော့ ဒီ ညီလေးကပဲ ရွတ်ပေးတယ်…။ “ဒီကနေ့ မနက် အရုဏ်ဆွမ်း လှူတဲ့ အလှူရှင် တွေကော၊ ဝေယျာဝစ္စ ကုသိုလ်ပြုကြတဲ့ သူတွေကော ကျန်းမာ ချမ်းသာ ဘေးဘယာ ဝေးကွာ ကြပါစေ၊ ဒီလို လှူဒါန်း ပြုလုပ်ကြရတဲ့ ကုသိုလ်တွေ ဟာလည်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရဲ့ အထောက်အပံ့ ဖြစ်ပါစေ သတည်း” စသဖြင့် ရွတ်ဆို ပေးပါတယ်။ မေတ္တာပို့ စာသားကိုတော့ ကျွန်တော် သေချာ မမှတ်မိတော့ ပါဘူး.. သဘော အသွားကတော့ ဒီ အတိုင်းပါပဲ…။ အဲလို မေတ္တာပို့ပြီးတော့ ကျွန်တော်တို့ ပြုခဲ့တဲ့ ကုသိုလ်တွေကို အမျှဝေကြပါတယ်…။[ကုသိုလ် (အမျှ…)၃ ယူတော်မူကြပါ ကုန်လော့… (သာဓု…)၃]၃ ဆိုပြီး သုံးခေါက် ရွတ်ဆို အမျှဝေကြပါတယ်…။ အဲလို အမျှဝေပြီးတော့ ကျွန်တော်တို့ ဆွမ်းဆင်ခြင်တဲ့ လင်္ကာလေးကို လက်အုပ်ချီလျက်ပဲ တပြိုင်တည်း(ထဲ) ညီညာဖြဖြ ခုလို ရွတ်ဆို ကြပါတယ်…။“ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရည်ဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓါတ်ဆောင်၊ ဤကိုယ်ကောင်ကို၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ကျင့်နိုင်အောင်ဟု၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ရပိုင်းမျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲ ပါသတည်း။”ဒီလို ရွတ်ဆိုနေတဲ့ အချိန်မှာ ကျွန်တော့်စိတ်ထဲ ဖြစ်ပေါ် ခံစားရတာလေး ပြောချင်ပါသေးတယ်…။ ပထမဆုံး လက်အုပ်ချီပြီး မေတ္တာပို့တဲ့ အချိန်မှာ ကျွန်တော်လေ ကိုယ့်ကိုယ်ကို မိဘမဲ့ ဂေဟာ ရောက်သွားတယ်လို့ ခံစားလိုက်ရတယ်…။ ဘာလို့လဲ ဆိုတော့ ကျွန်တော်မြင်ဖူး တွေ့ဖူးတဲ့ မိဘမဲ့ ဂေဟာမှာဆို ဒီလိုပဲ လာရောက် လှူဒါန်းတဲ့ သူတွေကို လက်အုပ်ချီပြီး မေတ္တာပို့တာကို တွေ့ဖူးထား တာကိုး…။ အဲလိုလေး ခံစားလိုက်မိမှပဲ မိဘမဲ့ ကလေးတွေရဲ့ ဘ၀ကို တကယ့်ကို စာနာမိသွား တယ်ဗျာ… တကယ်ပါ…။နောက်တစ်ခု ရှိသေးတယ်…။ ဆွမ်းဆင်ခြင်တဲ့ လင်္ကာလေး ရွတ်တော့ ခံစားရတာလေး…။ ဒီလင်္ကာလေးကို စိတ်ထဲကနေ ခံစားပြီး ရွတ်ဆိုနေတဲ့ အခိုက် စားချင်စိတ်တောင် ပျောက်သွားတယ်…။ ဘာလို့လဲ ဆိုတော့ လှူဒါန်း ချက်ပြုတ်သူတွေကို အားနာလို့…။ ပြီးတော့ ဒီ လင်္ကာလေးက ကျွန်တော် ငယ်ငယ် ကိုရင်ဝတ်တုန်းက ဆွမ်းဆင်ခြင်တဲ့ လင်္ကာလေးနဲ့လည်း တူနေတော့ ကိုရင်ဘ၀ကို ပြန်သတိရမိ သလို ဆွမ်းတစ်လုပ် စားတိုင်း မီးခဲမြိုသလို ခံစားရတယ် ဆိုတဲ့ ဆရာတော် တစ်ပါးရဲ့ စကားကိုလည်း သွား သတိရမိလိုက်တယ်…။ အဲဒီတော့မှ ရဟန်း သံဃာ ဆရာတော်တွေရဲ့ ဒုက္ခကိုလည်း ကိုယ်ချင်းစာမိ သွားတယ်…။ အရင်ကကော ကိုယ်ချင်းမစာ ဘူးလား ဆိုတော့ မဟုတ်ပါဘူး…။ ကိုယ်ချင်း စာကြည့်ဖူးပါတယ်…။ ဒါပေမယ့် ခုလောက် ထဲထဲဝင်ဝင် နှစ်နှစ်ကာကာ ကိုယ်ချင်း စာတတ် တာကတော့ ဒါ ပထမဦးဆုံးပါပဲဗျာ..။ဆွမ်းဆင်ခြင်တဲ့ လင်္ကာလေး ဆိုပြီးတော့လည်း မပြီးသေးပါဘူး…။ စားနေစဉ်အတွင်း လောဘတဏှာ၊ ဒေါသ တဏှာ စသဖြင့် နည်းနိုင်သမျှ နည်းအောင်ဆိုပြီး ဥပါသကာ ညီလေးကပဲ လင်္ကာလေး တစ်ပုဒ်ကို သံနေသံထားနဲ့ ရွတ်ဆိုပေးပြန်ပါတယ်…။ လင်္ကာလေးကတော့ ဒီလိုပါ…။ “စားခိုက် စားစဉ် သတိယှဉ်၊ စားချင်စိတ်နဲ့ စားရုပ်မြင်၊ စားစဉ် စားခိုက်၊ သတိစိုက်၊ ရှုလိုက်မှတ်ကာ ပွားစေချင်၊စားဆဲ နာမ်ရုပ်၊ စားစဉ်ချုပ်၊ အဟုတ် ဉာဏ်မှာမြင်၊အရိယာပတ္ထ ကျင့်လမ်းပြ၊ ဒီက နိဗ္ဗာန်ဝင်။” ဒီလင်္ကာထဲက အရိယာပတ္ထမှာ ပတ္ထ ဆိုတာက ရောက်တယ် ဆိုတဲ့ အဓိပ္ပါယ်ပါ…။ ဒီလင်္ကာလေးကို အစတော့ ကျွန်တော် မရပါဘူး..။ နောက်တော့ နေ့စဉ်ရက်ဆက် နားထောင်ပါ များလာတော့ အလွတ်ကို ရလာတာပါ…။ နောက်ပြီး ဒီ လင်္ကာလေးဟာ ကျွန်တော့အတွက် တော်တော့်ကို အသုံးကျသွား ပါတယ်…။ ဒီလင်္ကာမှာ ပြထားတာက အစား တစ်ခုတည်း…။ ဒါပေမယ့် ကျွန်တော် ဆက်တွေးဖြစ်ပြီး အသုံးတည့်သွားတာက “စား” ဆိုတဲ့ နေရာမှာ “ရပ်”၊ “သွား”၊ “ထိုင်”၊ “လျောင်း”စသဖြင့် အပြုအမူ လှုပ်ရှားမှုတိုင်းကို ထည့်သုံးလို့ ရသွားတယ် ဆိုတာပါပဲ…။ >>> ဆက်လက် ဖော်ပြပါ့မယ် ခင်ဗျာ…။
ဖိုးသား (အဖြူရောင်မေတ္တာ- http://www.apymt.com/ မှ ကူးယူဖော်ပြပါသည်။)